RiA ၊ သြဂုတ် ၃ ရက်
စစ်တွေ။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှာရှိတဲ့ ပဲပဒုံ
ချင်းတိုင်းရွာသားကျေးရွာရှိ သုသန်မြေသည် တယ်လီနော်နှင့် အမ်ပီတီ
တယ်လီဖုန်းလိုင်း မြေအောက် ဆက်သွယ်ရေး ကေဘယ်လ်များ၊ ၀ိုင်ယာ
သွယ်တန်းမှုများကြောင့် ပျက်စီးနေပြီး ရိုးရာဓလေ့နှင့် အသုဘ အခမ်းအနားများ
ပြန်လည် ဆောင်ရွက်နိုင်ရန် အတွက် ဒေသခံများက လျော်ကြေးရယူလိုနေကြသည်။
ပျက်စီးသွားသည့်
သုသန်မြေသည် ၀.၅ ဧက ရှိပြီး ၁၉၆၉ ခုနှစ်မှ စတင်ကာ အသုံးပြုခဲ့ခြင်း ဖြစ်ကာ
ပဲပဒုံကျေးရွာတွင် နေထိုင်ခဲ့သူ လူဦးရေ ၂၀၀ ကျော်ကို သဂြိုလ်ထားကြောင်း
ဒေသခံများက ပြောသည်။
“ ကျွန်တော်တို့ရဲ့ ရိုးရာယုံကြည်မှုတွေအတိုင်း
ပြုလုပ်ရာမှာပါ။ သုသန်မြေ ပျက်စီးသွားတဲ့အတွက် ကုန်ကျစရိတ်ကို သိန်း ၂၀၀
တောင်းဆို ထားပါတယ်၊ သုသန်မြေကို ဝင်ရောက်ပြီး မြေအောက်ကြိုးတွေ
သွယ်တန်းစလုပ်ကတည်းက ကျွန်တော်တို့လည်း ဘာမှမပြောရဲပါဘူး။ အာဇာနည်နေ့မှာ
အမ်းမြို့နယ်ကို ပြည်နယ်ဝန်ကြီးချုပ် ရောက်လာပြီး ပြည်သူတွေ အမှန်တရားအတွက်
နစ်နာတဲ့သူတွေ ကိုယ်ရဲ့အခွင့်ရေးကို ပြောဆိုရမယ်လို့ တိုက်တွန်းခဲ့ပြီးမှ
ဒီသုသန်ကိစ္စကို တင်ပြကြတာပါ၊ မူလက မပြောခဲ့ဘူး ဆိုတာကာ ဘယ်မှာ
တိုင်ရမှန်းလဲ မသိ အဖမ်းခံရမှာကိုလည်း ကြောက်ကြတာပါတယ်။
ငွေကြေးတောင်းဆိုမှုနဲ့ ပါတ်သက်ပြီး ကယ်ဘယ်ကြိုး တပ်ဆင်တဲ့ ဘက်က လူတွေက
လာပြီး မလျော်နိုင်ဘူးလို့ သူတို့ပြောပါတယ်’’ ဒေသခံ ဦးစံကျော်က ပြောသည်။
အဆိုပါ
သုသန်မြေပျက်စီးမှုနှင့် ပတ်သက်ပြီး လျော်ကြေးရရှိနိုင်ရန် အမ်းမြို့နယ်
အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာနမှ တဆင့် ဆောင်ရွက်ပေးနိုင်ရန် ဒေသခံများက
တောင်းဆိုထားသည်။
“ ကျွန်တော်တို့ မြေပြင်အခြေနေကိုလည်း
သွားရောက်ပြီး ကြည့်ရှုခဲ့ပါတယ်။ သုသန်မြေ ပါရှိသွားတာကိုတော့ မတွေ့ပါဘူး၊
ရွာသားတွေနဲ့ ဆက်သွယ်ရေးက တာဝန်ရှိသူတွေနဲ့ လည်း တွေ့ဆုံပြီးပါပြီ။
သူတို့ကလည်း ပြောပါတယ်။ ဘာကြောင့် စပြီးတော့ လုပ်ကတည်းကနေ မပြောခဲ့သလဲပေါ့။
ခုတော့ပြီးသွားတာက မတ်လကတည်းကပါ။ ခုဆို မင်းဘူးတောင်ရောက်သွားပါပြီ။
ဆက်သွယ်ရေးကြိုးတွေ တပ်ဆင်ကြတာ၊ ငွေကြေးကိုတော့ ရွာသားတွေနဲ့
ညှိနှိုင်းခဲ့ကြတယ်။ အဆင်မပြေဘူးလို့ သိခဲ့ရပါတယ်။" ဟု အမ်းမြို့နယ်
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဦးစီးမှူး ဦးကျော်သူက ပြောသည်။
အမ်းမြို့နယ်၊ ပဲပဒုံရွာတွင် အိမ်ခြေ ၁၅၀ နှင့် လူဦးရေ ၄၅၀ ကျော်ရှိပြီး ချင်းတိုင်းရင်းသားကျေးရွာ တစ်ခု ဖြစ်သည်။

0 comments:
Post a Comment