Wednesday, August 10, 2016

အရက်ထုတ်လုပ်ရောင်းချမှု ပပျောက်ရေး တောင်ကုတ်တွင် ဆန္ဒဖော်ထုတ်

RiA ၊ သြဂုတ် ၁၀ ရက်

စစ်တွေ။ အရက်ထုတ်လုပ်ရောင်းချမှု ပပျောက်ရေးနှင့် တားဆီးနှိမ်နင်းပေးရေးအတွက် လူဦးရေ ၃၀၀၀ ခန့် ပါဝင်သည့် ဆန္ဒဖော်ထုတ် လှုပ်ရှားမှု တစ်ခုကို ယနေ့ သြဂုတ် ၁၀ ရက်နေ့က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ပြုလုပ်ခဲ့ သည်။

ပြည်နယ်အတွင်း အရက်များ အတားအဆီးမဲ့ ရောင်းချနေခြင်း၊ လွယ်လင့်တကူ ၀ယ်ယူရရှိနိုင်ခြင်း၊ အရက်သောက်စားမှုကြောင့် နောက်ဆက်တွဲ ပြဿနာများနှင့် မှုခင်းများ ဖြစ်ပေါ်နေခြင်းတို့ကို တားဆီးနိုင်ရန်အတွက် ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူများက ပြောသည်။


“ဒီနေ့ပြုလုပ်ခဲ့တဲ့ အရက်ဆန့်ကျင်ရေး လူထုဆန္ဒဖော်ထုတ်မှုကို ပြုလုပ်ရခြင်းရဲ့အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်းမှာ အရက်တွေကို အတားအဆီးမဲ့ ရောင်းချနေကြတဲ့အတွက် ရမ်းကားမှုတွေ၊ လူသတ်မှုတွေ၊ မုဒိန်းမှုတွေ စသည့်ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။ ဘာသာရေးဆိုင်ရာ ပရဝုဏ်တွေကိုတောင် ဝင်ရောက် ရမ်းကားတာမျိုးတွေ ပြုလုပ်လာနေတာတွေ ကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အခုလိုမျိုး ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်။ အရက်ပပျောက်ရေးအတွက် လုပ်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ အရက်ကို အဖြူအနီ၊ နိုင်ငံခြားအရက်ဆိုပြီးတော့ ခွဲခြားထားတာမျိုးမရှိဘူး။ အရက်အားလုံးကို ရည်ရွယ်တာဖြစ်ပါတယ်။” ဟု ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ဦးကျော်သိန်းလွင်က ပြောသည်။

တောင်ကုတ်မြို့နယ်တွင် တရားဝင် အရက်ရောင်းချခွင့် လိုင်စင်ရှိသည့် ဆိုင် ၆၀ သာ ရှိပြီး လိုင်စင်မဲ့ ၁၂၀ နှင့် အထက်ရှိနေသည်။

“အခုလိုမျိုး အရက်တွေကို အလွယ်တကူ ဝယ်ယူသုံးစွဲလို့ရနေတာကြောင့် ကျွန်တော်တို့ မျိုးဆက်သစ် လူငယ်တွေရဲ့ဘဝရှေးရေးတွေ မကောင်းသလို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေ မှာလည်း ဆုတ်ယုတ်မှုတွေ ဖြစ်လာနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် အတွင်းမှာ အရက်တွေကို ပပျောက်သွားဖို့အတွက် ကျွန်တော်တို့ တောင်ကုတ်မြို့နယ်တစ်ခုတည်း လုပ်လို့မရပါဘူး။ အမြို့မြို့ အနယ်နယ်တွေမှာလည်း ဆက်ပြီးတော့ လုပ်ဖို့လိုအပ်ပါတယ်။ ဒါမှသာ မြန်မာ တစ်နိုင်ငံလုံးမှာ မူးယစ်ဆေးဝါး ကင်းစင်လာမှာဖြစ်ပါတယ်။" ဟု ဦးကျော်သိန်းလွင်က ပြောသည်။


အရက်ပပျောက် ကင်းစင်ရေးနှင့် စည်းကမ်းမဲ့ ရောင်းချခြင်း၊ အလွယ်တကူ ၀ယ်ယူနိုင်ခြင်းတို့ကို တားဆီးနိုင်ရန်အတွက် နိုင်ငံတော် အဆင့်ထိ တောင်းဆိုမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်းလည်း ဆန္ဒဖော်ထုတ်သူများက ပြောသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top