Friday, August 12, 2016

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွင်း သိမ်းဆည်းခံမြေ လျော်ကြေးပေးအပ်မှု လွဲချော်နေ

RiA ၊ သြဂုတ် ၁၂ ရက်

စစ်တွေ။ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရွှေသဘာဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းမှုအတွင်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ သိမ်းဆည်းခံ မြေယာများအတွက် လျော်ကြေးပေးမှု တွင် ကုမ္ပဏီနှင့် ဒေသခံ သိမ်းဆည်းခံ မြေပိုင်ရှင်များကြား သဘောထားကွဲလွဲမှုများ ရှိနေကြသည်။

သိမ်းဆည်းခံမြေယာများအတွက် လျော်ကြေးငွေပေးရာတွင် မူလလယ်ပိုင်ရှင်များ လက်သို့ တိုက်ရိုက် မရောက်ဘဲ ပိုက်လိုင်းဖြတ်သန်းမှုနှင့် မသက်ဆိုင်သည့် လယ်မြေပိုင်ရှင်များ လက်ထဲသို့ ရောက်ခဲ့ကြောင်း မူလပိုင်ရှင်များက တင်ပြလာခြင်း ဖြစ်သည်။

“အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ မနေ့က အစည်းအဝေးလုပ်ပါတယ်။ ၁၃ ရက်နေ့မှာ မြေပြင်ကွင်းဆင်း စစ်ဆေးရေး လုပ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ရဲ့ ရလဒ်ကို အစိုးရကပဲ အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အစိုးရဆီကို ကျွန်တော်တို့ တင်ပြတောင်းဆိုထားတဲ့ အပေါ်မှာ တုန့်ပြန်တာကတော့ ကောက်ယူထားတဲ့ စာရင်းဟာ CNPC/ MOGE ကုမ္ပဏီတွေဘက်က ပေးတဲ့ စာရင်းတွေနဲ့ တော်တော်လေးကို
ကွဲလွဲနေတယ် ဆိုပြီးတော့ ပြောပါတယ်။ အဲဒီစာရင်းတွေကို တောင်းတော့လည်း ပေးလို့ မဖြစ်နိုင်လို့ပြောပါတယ်။ အခု ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးပြီးရင်တော့ တိကျတဲ့စာရင်းတွေကို ရရှိလာမှာဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရဘက်ကတော့ ကွင်းဆင်း တိုင်းတာချက်တွေနဲ့ ကုမ္ပဏီဘက်က စာရင်းတွေကို အစည်းအဝေးလုပ်ပြီးတော့ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ပြောပါ
တယ်။” ဟု တောင်သူ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ မြေပြင် ကွင်းဆင်း စစ်ဆေးရေးကော်မတီမှ ဦးမျိုးလွင်ကပြောသည်။

ပိုက်လိုင်းဖြတ်သန်းမှုတွင် သိမ်းဆည်းခံ မူလမြေပိုင်ရှင်များ လက်သို့ မရောက်ဘဲ မသက်ဆိုင်သူများ လက်ထဲသို့ လျော်ကြေးများ ရောက်ရှိခဲ့မှုကို ဖြေရှင်းနိုင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ မြေပြင် ကွင်းဆင်းစစ်ဆေးရေး ကော်မတီတစ်ခုကို ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

ရေနံနှင့် ရွှေသဘာဝပိုက်လိုင်းအား ၂၀၁၂ ခုနှစ်က စတင်သွယ်တန်းခဲ့ချိန်တွင် ပိုက်လိုင်းဖြတ်သန်း သွားသည့် မြေနေရာများအား ပြန်လည် စိုက်ပျိုးလုပ်ကိုင်နိုင်ရန် အတွက် မူလမြေပုံစံ အတိုင်းဖြစ်အောင် ပြန်လည်ပြုလုပ်ပေးမည်ဟု ကုမ္ပဏီများဘက်မှပြောခဲ့သည့် ကတိကဝတ်များ ရှိနေခဲ့သော်လည်း ယခုအချိန်ထိ အဆိုပါမြေများမှာ စိုက်ပျိုး လုပ်ကိုင်၍မရဘဲ မြေလွှာပျက်စီးမှုများ ရှိနေကြောင်း၊ ငါးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် ငါး မွေးကန်များမှာလည်း ပျက်စီးလျှက် ရှိနေသည်။

ယင်းအပြင် သြဂုတ်လ ၁၀ ရက်နေ့က အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတွင် ပြုလုပ်ခဲ့သည့် အမ်းမြို့နယ် ပိုက်လိုင်းတစ်လျှောက် မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ အစည်းအဝေးကို သက်ဆိုင်ရာ ဌာနအရာရှိများ၊ ကုမ္ပဏီများ၊ ဒေသခံတောင်သူ ကိုယ်စားလှယ်များ စုံလင်စွာပြုလုပ်ခဲ့ရာ ရွှေသဘာဝ ဓါတ်ငွေ့ပိုက်လိုင်းအား တာဝန်ယူ သွယ်တန်းခဲ့သော ကုမ္ပဏီများထဲမှ MOGE တစ်ခုတည်းသာ တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီဘက်မှ တက်ရောက်ခြင်းမရှိခဲ့ပေ။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top