Tuesday, August 30, 2016

မသင်္ကာမှုဖြင့် ဖမ်းဆီးနှိပ်စက်ခံခဲ့ရသူ ရခိုင်လူငယ် ၃ ဦးက ရဲတပ်ဖွဲ့ကို တရားစွဲဆိုမှု ပယ်ချခံရ

မင်းမျိုးနွယ်/RiA

စစ်တွေ၊ သြဂုတ် ၃၀ ရက်။ ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုတွင် မသင်္ကာမှုဖြင့် ဖမ်းဆီးနှိပ်စက်ခံခဲ့ရသူ ရခိုင်လူငယ် ၃ ဦးက ၎င်းတို့၏ အမှန်တရား ခံစားပိုင်ခွင့်နှင့် မျှတမှုတို့ အတွက် ရဲတပ်ဖွဲ့ကို တရားစွဲဆို ခဲ့ရာတွင် မြို့နယ်တရားရုံးမှ ပယ်ချခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် ရွှေထည် ပစ္စည်းများ ပျောက်ဆုံးမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့က မြို့နယ်ရဲစခန်းမှ မြေပုံမြို့နယ် မြောက်ပိုင်း ရပ်ကွက်နေ မောင်ခင်မောင်မြင့် (ခ) ဘတ်ထီးအောင်၊ အောင်ဆန်းမိုး နှင့် မောင်အေးကျော် တို့ကို ဖမ်းဆီးခဲ့သည်။

“ကျွန်တော်ကိုအိမ်က လာခေါ်တဲ့အခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲ ငါးယောက် လာခေါ်တာဖြစ်ပါတယ်။ မင်းကိုဘာမှ မလုပ်ဘူးဆိုပြီး ခေါ်သွားတာပါ။ စခန်းကိုရောက်တော့ လက်ထိပ်ခတ်ပြီး ရိုက်တယ်။ ညောင်ပင်ချေ ရပ်ကွက်မှာ ရွှေပျောက်တဲ့ ကိစ္စလို့ ပြောတာပဲ။ ရွှေပျောက်တာကိုလည်း သူတို့ စွပ်စွဲလို့ သိရတာပါ။ ဘယ်လောက်လဲ ဘယ်အချိန်ကလည်း ဘယ်သူ့ ရွှေလည်း ဆိုတာကိုလည်း မသိဘူး။ ပြီးခဲ့တဲ့နှစ်နှစ်လောက်က ပျောက်သွားတာလို့ ပြောတယ်။ ကျွန်တော်တို့ကို အဲဒီရွှေတွေကို ရှာခိုင်းတယ်။ ကျွန်တော်တို့ ဆီမှာ မရှိဘူးလို့ပြောတော့ ပိုပြီးနှိပ်စက်ပါတယ်။ စခန်းထဲမှာ လက်ထိပ် ခတ်ထားပြီးတော့ ရှော့တိုက်တယ်။ ပိုက်လုံးတွေနဲ့ ရိုက်တယ်။ ကျိတ်ထားတဲ့ ဝါယာကြိုးတွေနဲ့ လက်မောင်းတွေကို ရိုက်တယ်။ ရော်ဘာတုံးတွေနဲ့လည်း ရိုက်တယ်။ ပါးစပ်တွေကိုလည်း အဝတ်စတွေနဲ့ ဆို့ထားတယ်။ စခန်းမှူးက ဖိနပ်နဲ့ပါးကို ရိုက်တယ်။ လက်ထိပ်ခတ်ပြီးတော့ ကားစင် တင်ထားတယ်။ အင်္ဂါစပ်တွေကိုလည်း ဓါတ်ဆီ လောင်းပြီးတော့ ဖယောင်းစတွေ ချပါတယ်။” ဟု နှိပ်စက် ခံရမှုကြောင့် သွေးအန်ဝေဒနာ ခံစားနေရသူ ခင်မောင်မြင့်က ပြောသည်။

စစ်ဆေးမေးမြန်းမှုတွင် ၎င်းတို့ကို လူသားမဆန်စွာ နှိပ်စက်ခဲ့ကြပြီး မြေပုံမြို့နယ်ဆေးရုံနှင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံများတွင် သွားရောက် ကုသခဲ့ရပြီးနောက် ပြန်လည် လွတ်ပေးခဲ့သည်။

“ကျွန်တော့်ကိုဖမ်းပြီး နောက်နေ့ နေ့လည် ၁ နာရီလောက်မှာ သုံးနှစ်အရွယ် ကျွန်တော့် သမီးလေးနဲ့ ကိုယ်ဝန်သည် ကျွန်တော့် မိန်းမကိုပါ ဖမ်းခေါ်လာခဲ့တယ်။ ချုပ်ထားတယ်။ ကျွန်တော်တို့ကို ရေလည်းမပေးဘူး။ ထမင်းလည်း မကျွေးဘူး။ ဘာမှမဆိုင်တဲ့ ကလေးနဲ့ မိန်းမကိုပါ ကျွန်တော်တို့နဲ့ အတူ ရက်စက်ပါတယ်။ ရေသောက်ချင်လို့ တောင်းတော့လည်း စခန်း အဝင်မှာရှိတဲ့ ခြေဆေးရေကို တိုက်ပါတယ်။ ကျွန်တော့် မိန်းမကိုလည်း ခေါ်စစ်တယ်။ အဲဒီရွှေတွေ ကျွန်တော်တို့ဆီမှာ မရှိလို့ ပြောတဲ့အတွက် ကျွန်တော့် မိန်းမကို ပိုက်လုံးနဲ့ ဦးခေါင်းကို ရိုက်တာလည်း ခံခဲ့ရပါတယ်။ အခု ကျွန်တော်တို့ကို လွှတ်ပေးလိုက်တာက အာမခံနဲ့ လွှတ်ထားတာပါ။” ဟု ခင်မောင်မြင့်က ပြောသည်။

ဇူလိုင်လ ၂၃ ရက်နေ့တွင် လူငယ် ၃ ဦးမှ ၎င်းတို့၏ အမှန်တရား အတွက် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးသို့ လိပ်မူ၍ တိုင်ကြားစာ တစ်စောင် ရေးသားပေးပို့ခဲ့ပြီး၊ ပြည်နယ် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးကော်မရှင် တရပ်ကို ဖွဲ့စည်းကာ စစ်ဆေးမှု ပြုလုပ်စေခဲ့သော်လည်း ယနေ့အချိန်ထိ တစုံတရာ ရှင်းလင်း ထုတ်ပြန်ခြင်း မပြုလုပ်သေးပါ။

မြေပုံမြို့နယ် ရဲစခန်းမှူး ဦးကျော်ဇေယျကို ဆက်သွယ်ကို မေးမြန်းကြည့်ရာ “ ဒီကိစ္စတွေက သတ်သတ်ဖွတာပါ။ ခုတော့ပြီးသွားပါပြီ။ ထွေထွေထူးထူး ဘာမှ ပြောစရာတော့ မရှိပါဘူး" ဟု ဖြေကြားခဲ့သည်။

လူငယ် ၃ ဦး၏ ရပိုင်ခွင့်အတွက် ပြည်နယ် ရဲတပ်ဖွဲ့သို့ တိုင်ကြား အကူအညီတောင်းထားသော်လည်း ထူးခြားမှု မရှိခြင်း၊ တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုတွင် ပယ်ချခံရမှုတို့ကြောင့် ယနေ့ သြဂုတ် ၃၀ ရက်နေ့တွင် စစ်တွေမြို့နယ် သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။

“အခု ကျွန်တော်တို့ကို ရဲကနေပြီးတော့ ဒီအမှုကို ပိတ်ပေးမယ်။ တိုင်ကြားတာတွေကို မလုပ်နဲ့ မင်းတို့ကို တိုင်ကြားဖို့ အတွက် ဘယ်သူတွေ ကူညီတာလဲ။ ရခိုင်ပါတီက ကူညီပေးနေတာလား စသဖြင့် ခေါ်စစ်နေတာတွေလည်း ရှိတယ်။ သူတို့က အမှုကိုလည်း ပိတ်ပေးမယ်။ ဆန်လည်းပေးမယ်။ ငွေလည်းပေးမယ်လို့ ပြောပါတယ်။ ငွေကျပ်သိန်း ၂၀ ပေးမယ်ဆိုပြီး လာပြောတာတွေ ရှိတယ်။ ကျွန်တော်တို့က မကျေနပ်ဘူး။ ဒီကိစ္စဟာ အမှန်တရား တစ်ခု ဖြစ်လာဖို့အတွက် အမှုဖွင့်တော့လည်း တရားသူကြီးက ခရိုင်နဲ့ ပြည်နယ်က တာဝန်ရှိ သူတွေဆီမှာ ခွင့်ပြုချက် ယူရဦးမယ်လို့ ပြောပါတယ်။ အမှုဖွင့်လို့ မရဖြစ်နေတယ်။ ” ဟု ခင်မောင်မြင့်က သတင်း မီဒီယာများကို ပြောကြားခဲ့သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top