RiA ၊ သြဂုတ် ၄ ရက်
စစ်တွေ။ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် မသင်္ကာမှုဖြင့် ဖမ်းဆီး စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရသော လူငယ် ၃ ဦးကို လူသားမဆန်စွာ၊ နှိပ်စက်ညှင်းပန်း၍ စစ်ဆေးမှုကိုပြုလုပ်ခဲ့သဖြင့် မြေပုံဆေးရုံနှင့် စစ်တွေဆေးရုံများသို့ ကုသမှုကို ခံယူရန် ပို့ခဲ့ရကြောင်း မြေပုံမဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြသန်းက ပြောသည်။
စစ်ဆေးခံရသူ ၃ ဦးမှာ မြေပုံမြို့နယ် မြောက်ပိုင်းရပ်ကွက်နေ မောင်ခင်မောင်မြင့် (ခ) ဘတ်ထီးအောင်၊ အောင်ဆန်းမိုး နှင့် မောင်အေးကျော် တို့ဖြစ်ပြီး ရွှေပျောက်ဆုံးမှုတစ်ခုအတွက် မသင်္ကာမှုဖြင့် ဇူလိုင်လ ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
“သူတို့တွေရဲ့ ငယ်ပါတွေကို ဖယောင်းစက်တွေချပြီးစစ်ဆေးကြတယ်၊ကားမှာပါတဲ့ ဘရိတ်တုံးတွေနဲ့ ရိုက်တယ်၊နောက်ပြီး သူတို့အချင်းချင်းကို လက်ထိတ်ခတ်ပြီး တစ်ဦးကိုတစ်ဦး ရိုက်ခိုင်းတယ်၊အချုပ်ထဲမှာ နှစ်ရက်သုံးရနေခဲ့ရပြီး အခု ဒီလိုစစ်ဆေးခဲ့တဲ့ ရဲတွေကိုတော့ အထက်က ရဲအရာရှိကြီးတွေက စစ်ဆေးနေကြတယ်လို့ သိရတယ်" ဟု မြေပုံမဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြသန်းက ပြောသည်။
စစ်ဆေးမှုဒဏ်ကြောင့် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြသူ လူငယ် ၃ ဦးကို မြေပုံဆေးရုံမှ တဆင့် ဇူလိုင် ၂၅ ရက်နေ့တွင် စစ်တွေ ဆေးရုံ၌ ပြင်ပလူနာအဖြစ် ကုသခဲ့ရပြီး ၎င်းတို့နှိပ်စက်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး ဇူလိုင် ၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့သို့ မောင်ခင်မောင်မြင့် (ခ) ဘတ်ထီးအောင်က တိုင်ကြားခဲ့သည်။
တိုင်ကြားချက်အရ ၎င်း လူငယ် ၃ ဦးကို စုံစမ်းစစ်ဆေးရေး အဖွဲ့မှ ခေါ်ယူစစ်ဆေးမှုများပြုလုပ်လျက် ရှိပြီး မြေပုံမြို့နယ်စခန်းမှူးကိုပါ ပြည်နယ်ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မြေပုံမြို့နယ် ရဲစခန်းမှူး ဦးကျော်ဇေယျကို ဆက်သွယ်ကို မေးမြန်းကြည့်ရာ “ ဒီကိစ္စတွေက သတ်သတ်ဖွတာပါ။ ခုတော့ပြီးသွားပါပြီ။ စစ်ဆေးတာက ဟုတ်ပါတယ်။ ခရိုင်မြို့နယ်ရဲမှူးက လာတာပါ။ ထွေထွေထူးထူး ဘာမှ ပြောစရာတော့ မရှိပါဘူး" ဟု ဖြေကြားခဲ့သည်။
ဖမ်းဆီးစစ်ဆေးခံခဲ့ရသူ လူငယ် ၃ ဦးမှာ ယခုအခါ ဆေးရုံမှ ဆင်းကာ နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
"ရွှေပျောက်မှုကိစ္စ ကျနော်နဲ့ မဆိုင်သလို၊ သိလည်းမသိပါ။ မှုခင်းတွေလည်း တခါမှ မကျူးလွန်ဖူးသလို ရိုးရိုးသားသား လုပ်ကိုင် စားသောက်သူပါ။ ဒါပေမယ့် ကျနော့်ကို မသင်္ကာမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ စခန်းရောက်တော့ ၀ါယာကြိုးတွေ၊ ဘရိတ်တုံးတွေနဲ့ ရိုက်ပြီး သူခိုးလို့စွပ်စွဲပါတယ်။ ပြီးရင် ကျနော့်ရဲ့ လိင်တံကို ဓာတ်ဆီလောင်းပြီး ဖယောင်းတိုင် အစက်ပေါင်းများစွာ ချပါတယ်။ ကျနော် မခံစားနိုင်လောက်အောင် အရမ်းနာကျင်ခဲ့ပါတယ်။ ပြီးရင် လျှပ်စစ်ကာရန်တိုက်ပါတယ်။ ကျနော့်ရဲ့ အမှန်တရား အတွက် ကျနော် ပြည်နယ်ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပြီးဖြစ်ပါတယ်။ အမှန်တရားကို ကျနော်လိုချင်ပါတယ်။" ဟု မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးခြင်းကို ခံခဲ့ရသူ မောင်ခင်မောင်မြင့်က ပြောသည်။
0 comments:
Post a Comment