Tuesday, August 23, 2016

ခွင့်ပြုချက်မဲ့ စုဝေးမှုဖြင့် ရခိုင်တက်ကြွလှုပ်ရှားသူ ၃ ဦးကို အမှုဖွင့်

RiA

ဘူးသီးတောင်၊ သြဂုတ် ၂၄ ရက်။ နိုင်ငံသားစီစစ်ရေးကော်မတီ၏ ဆောင်ရွက် ချက်များနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ်တွင် သြဂုတ်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည့် ကန့်ကွက်ရှုတ်ချကြောင်း လူထု အစည်းအဝေးကို ဦးဆောင်ခဲ့သူ တက်ကြွလှုပ်ရှားသူ ၃ ဦးကို  ငြိမ်းစုစီပုဒ်မ ၁၈/၁၉ နှင့် ဘူးသီးတောင်မြို့မ ရဲစခန်းမှ သြဂုတ် ၂၂ ရက်နေ့က အမှုဖွင့်ခဲ့သည်။

အမှုဖွင့်ခံရသူ ၃ ဦးမှာ ဦးသန်းနိုင်၊ ဦးဝင်းနိုင်၊ ဦးဇော်ဝင်းတို့ဖြစ်ကြပြီး ၎င်းတို့က ဘူးသီးတောင်မြို့နယ်တွင် အစ္စလမ် ဘာသာဝင် ၂၉ ဦးကို နိုင်ငံသားပြုခွင့်ပေးခဲ့ သည့် ကော်မတီ၏ လုပ်ရပ်အား ဆန့်ကျင် ရှုတ်ချကြောင်း လူထု အစည်းအဝေး တရပ်ခေါ်ယူခဲ့ပြီး၊ ယင်းအစည်းအဝေးတွင် မြို့နယ် ဌာနဆိုင်ရာ အရာရှိများကို "အမျိုးသားသစ္စာဖောက်" အဖြစ် သတ်မှတ်ခဲ့သည်။

“သြဂုတ်လ ၁၃ ရက်နေ့က ထွေ/အုပ်ရုံးမှာ နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေနဲ့ ဘင်္ဂလီ ၂၉ ဦးကိုနိုင်ငံသားဖြစ်သင့်တယ်လို့ ထောက်ခံပေးလိုက်တဲ့ အပေါ်မှာ ကန့်ကွက်တဲ့ အနေနဲ့ ၁၇ ရက်နေ့က အစည်းအဝေး တစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာပြည်သူတွေ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ကျွန်တော်တို့ကို တရားစွဲတာဖြစ်ပါတယ်။ ကျွန်တော်တို့ကို ဘယ်သူကစွဲတယ်။ ဘယ်ပုဒ်မတွေနဲ့ စွဲထားတယ် ဆိုတာကိုတော့ တရားရုံးရောက်မှသိရမှာပါ။ မနေ့က ကျွန်တော်တို့ကိုရဲစခန်းကခေါ်ပြီးတော့ ဘာတွေလုပ်ခဲ့သလဲဆိုတာကို စစ်ဆေးမှုတွေလုပ်ပါတယ်။” ဟု တရားစွဲခံထားရသူ ဦဝင်းနိုင်ကပြောသည်။

ဘူးသီးတောင်မြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာတွင်  "သူတို့သုံးဦးကို တရားစွဲတဲ့ အနေအထား မရောက်သေးပါဘူး။ အမှုဖွင့်ထားတဲ့ အနေအထားမှာပဲ ရှိနေသေးတယ်။ အခုကိစ္စမှာ ငြိမ်းစုစီနဲ့ ပါတ်သက်နေတာဆိုတော့ မြို့နယ်ရဲတပ်ဖွဲ့မှူးကပဲ တရားလို လုပ်သွားမှာပါ။ ဒါက သာရေးနာရေး ကိစ္စတွေမဟုတ်ဘဲ နိုင်ငံရေးနဲ့ဆက်နွယ်နေသလို ဘာသာရေး၊ အမျိုးသားရေးဖြစ်နေတာကြောင့် အစည်းအဝေးတွေ လုပ်မယ်ဆိုရင် ကျွန်တော်တို့ဆီက ခွင့်ပြုချက် ယူရမှာဖြစ်ပါတယ်။ အခု လောလောဆယ် မှာတော့ ငြိမ်းစုစီပုဒ်မ ၁၈/၁၉ နဲ့ပဲအမှုဖွင့်ထားတာပါ။ ကျွန်တော်တို့ဘက်က အမှုစစ်တာတို့ သက်သေတို့ လုပ်ပြီးရင်တော့ အမြန်ဆုံး ရုံးတင်ပေးသွားမှာပါ။” ဟု ဘူးသီးတောင်မြို့မ ရဲစခန်းမှူးက ဖြေကြားခဲ့သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top