![]() |
photo: AT |
စစ်တွေ၊ သြဂုတ် ၁၉ ရက်။ စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် သက္ကေပြင် ရွာအ၀င် လမ်းအနီးတွင် သတိလစ်မေ့မြောလျက် တွေ့ရှိခဲ့သည့် အမျိုးသမီးမှာ အဓမ္မပြုကျင့် ခံခဲ့ရမှုကြောင့် သေဆုံးခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း စစ်တွေမြို့နယ် အမှတ် (၁) ရဲစခန်းမှ ငြင်းဆိုလိုက်သည်။
အမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်ပြီး ပြည်ပအခြေစိုက် Arakan Times သတင်းဌာနမှ ၎င်းအမျိုးသမီး၏ အမည်မှာ ရီဇွန်နာ ဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်ရှိသူ ဖြစ်ကြောင်း၊ သူမ သတိမေ့မြောနေစဉ်က အ၀တ်ဗလာကျင်းနှင့် ဖြစ်ပြီး ဓမ္မတာ သေရိုးသေစဉ်ဖြင့် သေဆုံးခဲ့ခြင်း မဟုတ်ကြောင်းနှင့် သူမကို သြဂုတ်လ ၁၆ ရက်နေ့က ဒုက္ခသည်စခန်းအနီးမှ ရဲတပ်ဖွဲ့ဝင်တချို့က ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု ယနေ့ သြဂုတ် ၁၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။
အမျိုးသမီးကို သြဂုတ် ၁၇ ရက်နေ့က သတိလစ်မေ့မြောတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် သေဆုံးခဲ့ကာ ယနေ့ သြဂုတ် ၁၉ ရက်နေ့က စစ်တွေမြို့နယ် မန်စီသချို င်္င်းတွင် သဂြိုလ်ခဲ့သည်။
သေဆုံးသူမှာ စစ်တွေ သဲချောင်းဒုက္ခသည်စခန်းမှ အသက် ၃၀ အရွယ် ကိုရိုနီလာ အမည်ရှိသူဖြစ်ပြီး သတိလစ်မေ့မြောကာ သက္ကေပြင်ဆေးရုံတွင် ကုသမှု ခံယူခဲ့စဉ်က အမည်နာမကို မသိရှိခဲ့ဘဲ သေဆုံးပြီးမှ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သက္ကေပြင်ကျေးရွာတွင် နေထိုင်သူ ဦးမောင်မောင်က ပြောသည်။
“ ကျွန်တော်တို့ သက္ကယ်ပြင်ကဆိုပြီး သွားကြည့်တာ၊ တကယ်တမ်းတော့ မဟုတ်ပါဘူး၊ သူ့ကို တွေ့ရှိကတည်းက ရဲတွေကိုလည်း အကြောင်းကြားထားပါတယ်။ သက္ကယ်ပြင်ဆေးရုံကို ၁၇ ရက်နေ့ကနေ တင်တယ်။ နည်းနည်း ရုန်းကန်ပြီး မနေ့ညက ခုနှစ်နာရီမှာ ဆုံးသွားတယ်၊ ပိုင်ရှင်ဘယ်သူလဲ မသိဘူးဆိုပြီး စုံစမ်းကြည့်တော့ ပိုင်ရှင်ကို ဒီနေ့ပဲ သိရတယ် သဲချောင်းကပေါ့"
အမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်တွေမြို့မ အမှတ် (၁) ရဲစခန်းသို့ ဆက်သွယ်ရာတွင် "ဘာဒဏ်ရာ ဒဏ်ချက်တွေမှ မရှိပါဘူး။ မူးပြီးလဲကျ သတိလစ်နေတာပါ။ သံသယရှိစရာ ရိုက်နှက်ဒဏ်ရာတွေလည်း မရှိပါဘူး။" ဟု စခန်းမှူး ဦးရန်နိုင်လတ်က အတည်ပြု ပြောကြားခဲ့သည်။
0 comments:
Post a Comment