Monday, August 1, 2016

အစ္စလမ်ဘာသာနှင့် အကြမ်းဖက်မှု သက်ဆိုင်ခြင်းမရှိကြောင်း ပုပ်ရဟန်းမင်းကြီး ပြော

သြဂုတ် ၁ ။             ။ အကြမ်းဖက်မှုဖြစ်တိုင်း အစ္စလမ်ဘာသာအပေါ် ဆက်စပ် ပြစ်တင်နေခြင်းမှာ မှန်ကန်မှုမရှိကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇူလိုင် ၃၁ ရက်တွင် ပြောကြားလိုက်သည်။

အကြမ်းဖက်မှု ဖြစ်ရခြင်း၏ မူလအကြောင်းရင်းများထဲတွင် လူမှုဆိုင်ရာ တရားမျှတမှုကင်းမဲ့ခြင်းနှင့် ငွေကို ဘုရားသဖွယ် ကိုးကွယ်နေခြင်းတို့ကသာ အဓိကပါဝင်နေသည်ဟု ၎င်းက ပြောကြားသွားသည်။


" အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ အစ္စလမ်ဘာသာကို တွဲပြီးတော့ အပြစ်မြင်နေကြတာက မှန်ကန်မှုမရှိဘူးလို့ ကျွန်တော် မြင်ပါတယ်၊ ဒါဟာ တကယ် နည်းလမ်းမကျပါဘူး" ဟု ပိုလန် နိုင်ငံသို့ ငါးရက်တာအလည်အပတ်ခရီးသွားရောက်ပြီး ရောမမြို့သို့ အပြန် ခရီးတွင် ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်က ပြင်သစ်နိုင်ငံရှိ ရိုမန်ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးကို ဓါးကိုင်အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေဆိုရာတွင် အထက်ပါအတိုင်း ဖြေကြားသွားခဲ့ခြင်းဖြစ်သည်။

" ကျွန်တော် ထင်ပါတယ်၊ ဘာသာတိုင်းလိုလိုထဲမှာပဲ တင်းကျပ်တဲ့အယူဝါဒရှိတဲ့အုပ်စုငယ်လေးတွေရှိနေပါတယ်၊ ကျွန်တော်တို့ မှာလည်းရှိပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

" အစ္စလမ်ဘာသာဝင် တွေပဲအကြမ်းဖက်နေတယ်လို့ ကျွန် တော် မယုံကြည်ပါဘူး၊ မွတ်ဆလင်တွေအားလုံးက အကြမ်းဖက်သမားတွေ မဟုတ်ကြပါဘူး" ဟု ၎င်းက ဆိုသည်။
 
" အကြမ်းဖက်မှု ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာ ပြောဖို့က အန္တရာယ်များတယ်ဆိုတာ ကျွန်တော်သိပါတယ်၊ လူတစ်ယောက်၊အဖွဲ့အုပ်စုတစ်ခုအတွက် ရွေးချယ်စရာ နည်းလမ်းမရှိတော့တဲ့အချိန်၊ ပိုက်ဆံကပဲ ဘုရားသခင်အဖြစ် လက်ခံယုံကြည်နေတဲ့အချိန် ဒီလိုအခြေအနေမျိုးမှာ အကြမ်းဖက်မှုတွေ ဖြစ်လာတော့တာပါပဲ" ဟု ပုပ်ရဟန်းမင်းကြီးက ပြောသွားသည်။

အလားတူ လက်ရှိ ဥရောပဒေသတွင် လူငယ်များအတွက် စီးပွားရေးအခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ခြင်းမရှိခြင်းက အကြမ်းဖက်မှုများ ဖြစ်လာရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသွားသည်။

Source: CNA and Mizzima

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top