Friday, July 8, 2016

တကျော့ပြန်လာတဲ့ ရခိုင်ရေဘေး

မိုးအောင်/Root Investigative Agency ၊ ဇူလိုင် (၈) ရက်

၂၀၁၅ ခုနှစ်က ကိုမန်မုန်တိုင်း ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ဒေသ ရေကြီးမှုရဲ့ နောက် ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းလို့ မဆုံးခင် ဒုတိယ အကြိမ်မြောက် ရခိုင်ရေကြီးမှုဟာ ဖြစ်ပေါ်လာခဲ့ပါပြီ။

ဇွန်လအတွင်းက ရခိုင်ပြည်နယ် တောင်ပိုင်းဘက်မှာ ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးဒဏ်ရာ ရရှိမှုတွေနဲ့ လူခြောက်ဦး သေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ၅ ခုမှာ ဇွန်လဆန်းက စတဲ့ မုတ်သုန် မိုးသည်းထန်စွာရွာသွန်း ရေကြီးမှုတွေကြောင့် ၁၄ ဦးသေဆုံးပြီး အနည်းဆုံးလူ ၂၆,၀၀၀ ရေဘေး ဒုက္ခခံစားနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ပါတယ်။

ယခု ဇူလိုင်လ အစ ပိုင်းမှာပဲ ရေကြီးမှုက ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းကို ထပ်ပံ ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းမှာ ရေကြီးမှုဒဏ်ကို ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့မြို့နယ် တွေဟာ ပိုမို ဆိုးရွားစွာခံစားကြရပြီး နေအိမ်တွေပြိုပျက် လူသေဆုံးမှုတွေအထိ ရှိလာပါတယ်။ ဘူးသီးတောင်မြို့နယ်မှာ ဆိုရင်လည်း မြို့ပေါ် ရပ်ကွက်တွေ အပြင် မြို့ရဲ့အထက်ဘက် ကျေးရွာတွေဖြစ်တဲ့ ခထီးလှ၊ ပန်းဘေးချောင်း၊ ကြမ်းပေါက် စတဲ့ ကျေးရွာတွေမှာ ရေကန်တွေကိုပါ ရေဖုံးလွမ်းသွားပြီး ရေကျသွားတဲ့ အချိန်မှာ သောက်သုံးရေ ပြတ်လတ်နေတဲ့ အခြေနေကို ရင်ဆိုင်နေရတယ်လို့ ဘူးသီတောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်ဟာ ရေကြီးမှုဖြစ်ပေါ်တယ်ဆိုရင် တခြားမြို့နယ်တွေနဲ့ မတူဘဲ သာမန် ဒီရေတက်တဲ့ အခြေနေမျိုးဆိုရင် လည်း ရေဒဏ်ကို သိတိပြုရပြီး မြို့ရဲ့ဈေးလည်း မကြခဏာဆိုသလို နှစ်မြုပ်တယ်လို့ ဦးသောင်းရွှေက ဘူးသီးတောင်မြို့ရဲ့ ရေဖုံးလွမ်းခံခဲ့ရတဲ့ အခြေနေကို ဆိုပါတယ်။

“ ဘူးသီးတောင်ချောင်းကနေပြီး ရေတွေ ဒလဟော ၀င်နေတာကြောင့် အကူညီပေးအဖွဲ့တွေ အလွယ်တကူ သွားလို့မရနိုင်သေးဘူး။ ရေနစ်လို့ အမှတ် ၂ ရပ်ကွက်က တစ်ဦးသေပါတယ်။ အလယ်ပိုင်းကလူတွေကတော့ ရေဘေးကို စိုးရိမ်လို့ လွတ်ရာကို တိမ်းရှောင်နေကြတယ်။
ဘုန်းကြီးကျောင်းတချို့မှာလည်း ရေဘေးတိမ်းရှောင်တွေ ရောက်နေကြပါတယ်။ ဈေးတချို့ ရေလွှမ်းခံခဲ့ရတယ်။”

ကုန်ခဲ့တဲ့နှစ်က ရေကြီးမှုဒဏ်ကို ဆိုးရွာစွာခံစားခဲ့ရတဲ့ ကျောက်တော်မြို့နယ်မှာဆိုရင်လည်း မြေနိမ်တဲ့ ဘက်က ကျေးရွာသူ၊ ကျေးရွာသားတွေဟာ ကုန်းမြင့်ရာဒေသတွေဆီကို ရှောင်နေရပါတယ်။ ရေတက်လာတဲ့ အချိန်မှာဆိုရင်  ရွာထဲလမ်းမရဲ့ ရေအမြင့်ပေဟာ ငါးပေ အထိရှိတယ်လို့ ကျောက်တော်မြို့နယ် ဒေသခံတွေက ဆိုကြပါတယ်။

ကျောက်တော်မြို့နယ်ထဲက  ကားလမ်းမ အနီးမှာ ရှိတဲ့ သရက်တပင်၊ ညောင်ချောင်း၊ စပါးဆိပ်၊ မဟာမုနိ စတဲ့ ကျေးရွာတွေက ဒေသခံ ၅၀၀ ကျော်လောက်ဟာ မဟာမြတ်မုနိရင်ပြင်မှာ ရေဘေးဒုက္ခသည် အဖြစ်ရှောင်တိမ်းခဲ့ရပါတယ်။ အတည်မပြုနိုင်သေးတဲ့ စာရင်းတွေအရ ကျောက်တော်မြို့နယ် အတွင်းမှာ ကျေးရွာပေါင်း ၁၃ ရွာက အိမ်ထောင်စု ၆၃၃ စု၊ လူဦးရေ ၂၈၂၈ ဦးဟာ ရေဘေးရွေ့ပြောင်းသည်တွေအဖြစ် ရောရှိနေကြတယ်လို့ သိရပါတယ်။

ကျောက်တော်မြို့နယ်ရဲ့ ရေကြီးမှုအခြေနေနဲ့ပါတ်သက်ပြီး ပုံမန်ထက်သာလွန်ခြင်းဟာ မဟာမြတ်မုနိ အနီးအနားမှာ ရှိတဲ့  ဇီးချောင်းဆည်က ရေလွှတ်လိုက်တာကြောင့် ဖြစ်နိုင်သလို ရေထွက်ပေါက် မထားရှိခဲ့တဲ့ ရထားလမ်းတွေကြောင်းလည်း ဖြစ်နိုင်ကြောင်း  ကျောက်တော်မြို့ပေါ် လူထုဇော်ဝင်းက ဆိုပါတယ်။

“ အဓိက ရေကြီးနေတာက မဟာမြတ်မုနိ အနီးတ၀ိုက်မှာပါ။ ကျန်တဲ့နေရာတွေမှာလည်း ရေက အနည်းဆုံး ၄ ပေလောက်ထိကို တက်တယ်။ ဒါပေမယ့် မဟာမြတ်မုနိတ၀ိုက်က ပိုဆိုးရွားတာပေါ့။”
မြောက်ဦးမြို့နယ်မှာ ဆိုရင် ရေကြီးဒဏ်ကြောင့်  ရွာလုံးကျွတ် ပြောင်းရွေ့မှုတွေရှိတယ်လို့ သိရပါတယ်။

အထူးသဖြင့် လေးမြို့ချောင်း၊ မြေနိမ့်ဘက်မှာ တည်ရှိတဲ့ ရမ်းချောင်းဘက်က ကျေးရွာတွေဖြစ်ကြပါတယ်။ မြောက်ဦးမြို့မှာ ရေဘေးဒုက္ခသည်ကို နီးစပ်ရာ အဆောက်အအုံမြင့်တွေဆီမှာ ထားရှိပြီး မြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းတွေက အရေးပါ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ကြတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးကျော်ဝင်းက ဆိုပါတယ်။

မင်းပြားမြို့နယ်မှာဆိုရင်လည်း မြစ်ရေဝင်ရောက်မှုဟာ မိုးရွာသွန်းချိန်၊ ဒီရေတက်ချိန်နဲ့ဆိုရင် မြို့ပေါ်က အမြင့်ပိုင်းရပ်ကွက်တွေ ဖြစ်ကြတဲ့ ကျိန်းတောင် ခြေရင်းအနီးက ရွာတွေပါ နစ်မြုပ်သွားကြတယ်လို့ မင်းပြားမြို့နယ် အရေးပေါ် ရေဘေးသတင်းအချက်အလက်စင်တာက ကိုကျော်ဌေးက ဆိုပါတယ်။

ရေကြီးမှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းခြင်းရဲ့ နောက်ဆက်တွဲက မင်းပြားမြို့ရဲ့ ကမ်းပါးတွေ ပြိုပျက်စီလာတာပဲ ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။ လက်ရှိ ရေကြီးနေတဲ့ အခြေနေမှာတောင် တချို့ အနီးအနားက ကျေးရွာတွေမှာ  အိမ်တွေကို ဖြိုဖျက်လိုက်ရတာတွေ ရှိတယ်လို့ သူက ပြောပါတယ်။

ရေဘေးကြောင့် ရွေ့ပြောင်းနေထိုင်ကြရတဲ့ ပြောင်းရွေ့ဒုက္ခသည်တွေဟာ အတည်မပြုနိုင်သေးတဲ့ စာရင်းတွေအရ ကျောက်တော်မြို့နယ် အတွင်းမှာ ကျေးရွာပေါင်း ၁၃ ရွာက အိမ်ထောင်စု ၆၃၃ စု၊ လူဦးရေ ၂၈၂၈ ဦး၊ မင်းပြားမြို့နယ်မှာ ကျေးရွာ ၃၈ ရွာ၊ ရပ်ကွက် ၃ ခုမှာ အိမ်ထောင်စု ၁၄၉၇ စု၊ လူဦးရေ ၆၁၅၀ ဦး၊ မြောက်ဦးမြို့နယ်မှာ  ကျေးရွာ ၁၀ ရွာ၊ ရပ်ကွက် ၄ ခုမှာ၊ အိမ်ထောင်စု ၅၅၅ စု၊ လူဦးရေ ၂၅၂၇ ဦးရှိတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်ဂျာနယ် သတင်းအဖွဲ့ရဲ့ မှတ်တမ်းများအရ သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top