Tuesday, July 5, 2016

အစိုးရသစ် သတိပြုသင့်တဲ့ ဒေသတွင်း အလုပ်အကိုင်ရှားပါးမှု ပြဿနာ

ရခိုင်အမျိုးသမီးလုပ်သားများ (ဓာတ်ပုံ - FM)
မိုးအောင်/Root Investigative Agency

ရခိုင်ဒေသဟာ မြန်မာနိုင်ငံမှာ နိုင်ငံအဆင့် စီမံကိန်းတွေရှိသလို ဒေသတွင်း သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။


ဒါပေမယ့် လူဦးရေ ၃၁ သိန်းကျော်ရှိတဲ့ ရခိုင်ပြည်နယ်ဟာ ၂၀၁၂ ခုနှစ်မှာ လူမျိုးရေးပဋိပက္ခတွေနဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်အထိ ပဋိက္ခတွေဟာ ထိန်းသိမ်းနိုင်တဲ့ အနေထားမှာပဲ ရှိပါတယ်။

ဖြေရှင်းလို့ရတဲ့ အခြေနေထိကို မရောက်ရှိသေးပါ။

အစိုးရသစ်ကို စိန်ခေါ်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ ပြဿနာတွေထဲမှာ ဒေသတွင်း အလုပ်အကိုင် ရှားပါးမှုလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။

ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် ရခိုင်ဒေသထဲက ပြည်သူတွေဟာ ပြည်ပနိုင်ငံများကို သွားရောက်မှု များပြားလာပြီး ၂၀၁၄ ခုနှစ်မှာ ကောက်ခံထားတဲ့ သန်ခေါင်းစာရင်း ထုတ်ပြန်ချက် အရ နိုင်ငံခြားမှာ ရွေ့ပြောင်းအလုပ်လုပ်သူ တစ်သိန်းတစ်သောင်းကျော်(၃.၅၄) ရာခိုင်နှုန်း ရှိလာတယ်လို့ ဖော်ပြထားပါတယ်။
 
ဒါပေမယ့် အစိုးရရဲ့ ထုတ်ပြန်ချက်စာရင်းဟာ လက်တွေ့အားဖြင့် အဆများစွာ ကွာဟနိုင်ဖွယ်ရှိတယ်လို့ ရွေ့ပြောင်းလေ့လာသူများက ပြောပါတယ်။

စီမံကိန်းတွေကြောင့် လိုအပ်တဲ့ မြေယာတွေကို သိမ်းဆည်းခံရပြီး၊ လျော်ကြေးရရှိတဲ့ အနေထားတွေမှာလည်း လျော်ကြေးငွေတွေကို လုပ်ကိုင် စားသောက်ဖို့ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတာကြောင့် ပြည်ပကို ထွက်လာတာတွေဟာလည်း ဒေသခံတွေဟာ ကာယ အခြေပြု အလုပ်သမားတွေ အဖြစ် ရခိုင်ပြည်နယ်ကို စွန့်ခွာရတဲ့ အထဲမှာ ပါဝင်တယ်လို့ အမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)က ဦးခင်မောင်ဌေးက ဆိုပါတယ်။



 “ အစိုးရအနေနဲ့ ပြည်ပထွက်ခွာမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကို ဖြေရှင်းနိုင်မယ့် ဆောင်ရွက်ချက်တွေကို တစ်ခုမှ မတွေ့ရသေးပါဘူး။ ဒေသရဲ့ လယ်ယာ စိုက်ပျိုးရေးတွေနဲ့ ပတ်သက်ပြီးလည်း ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ဖို့ တင်ပြထားတာတွေ ရှိပေမယ့် တစ်ဘက်က တုံ့ပြန်မှု မရှိသေးပါဘူး။”

ရခိုင်ဒေသတွင်း စွန့်ခွာမှုဟာ ပြည်ပနိုင်ငံကို သွားလာကြသလို ကချင်၊ ကရင်၊ ရန်ကုန်၊ စတဲ့နေရာတွေမှာလည်း ကျောက်တူး ၊ လယ်ယာ ဥယျာဉ်တွေကို လုပ်ကိုင်ရန် သွားရောက်ကြပါတယ်။

သွားရောက်တဲ့သူတွေဟာလည်း  အလုပ်အကိုင် အဆင်မပြေမှုတွေ ရှိကြပြီး ပြန်လည်ပြီး ပြည်ပ ထွက်ခွာ သူတွေရှိကြသလို ရခိုင်ပြည်နယ်ကို ပြန်ပြီး လာရောက်ကြတဲ့သူတွေလည်း ရှိကြတယ် လို့လည်း ဒေသတွင်း ရွေ့ပြောင်း လုပ်သားတွေက ဆိုကြပါတယ်။



မကြာသေးမည်ကလည်း ၂၀၁၅ ခုနှစ်က ရခိုင်ဒေသကို ပြန်လည်ဝင်ရောက်လာတဲ့ ကချင်ပြည်နယ်က ရခိုင်တိုင်းရင်းသား ၅၀၀ ကျော်အထဲက အိမ်ထောင်စု အချို့ကို ပြည်နယ်အစိုးရက လုပ်ကိုင်စားသောက်ရန်နှင့် နေစရာ ရရှိအောင် ဆိုပြီး လယ်ယာမြေတွေ စီစဉ်ပေးခဲ့ပါတယ်။

လယ်ယာမြေတွေဟာ လယ်သမားတွေအတွက်သာ အဆင်ပြေပေမယ့် လယ် မလုပ်တတ်တဲ့ သူတွေအတွက် အခက်ခဲဖြစ်နိုင်တယ်လို့လည်း ကချင်ပြည်နယ်က ပြန်ရောက်လာတဲ့ ဒေါ်လှရီနုက သူရဲ့ စိုးရိမ်စိတ်ကို ဆိုပါတယ်။

“လယ်တစ်ဧကစီ ပေးဖို့ ပြောထားပါတယ်။ လယ်ကိုတော့ မရရှိသေးပါဘူး။ ဘာဆက်လုပ်ရမလဲဆိုတာလည်း ကျမတို့ မသိသေးပါဘူး”

ရခိုင်ဒေသမှာ ပြည်ပ ထွက်ခွာမှုတွေထဲမှာ အသက် ၂၀ ကျော် လူရွယ်တွေ ပိုပြီးများလာတယ်ဆိုတာကို ၂၀၁၄ ခုနှစ် ရခိုင်ပြည်နယ် လူဦးရေ သန်ခေါင်းစာရင်း အချက်အလက်အရ ထင်ရှားစွာတွေ့ရှိရပါတယ်။

သန်ခေါင်းစာရင်မှာ ပိရစ်မစ်ပုံစံအရ ၂၀ ကျော် လူငယ် အရွယ်တွေဟာ ပိုမို သိသာစွာ လျော့နည်းနေပြီး ပြောင်းရွေ့ထွက်ခွာသူ သို့မဟုတ် ကောက်ယူရန် ကျန်ရှိခဲ့တယ် လို့ပဲ သန်းခေါင်စာရင်းက သုံးသပ်ပြထားပါတယ်။

အစိုးရလက်ထက် ၂ ဆက် တိုင်တိုင် ပြည်နယ်လွှတ်တော် အမတ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) က ဦးကျော်လွင်က အစိုးရအနေဲ့ လူငယ်တွေ ပြည်ပထွက်ခွာနေမှုကို မူဝါဒ တစ်ခုအနေနဲ့ ချမှတ်ပြီး အလုပ်အကိုင် အခွင့်အလမ်း တွေရအောင် ဖန်တီးပေးသင့်တယ်လို့ သူရဲ့ယူဆချက်ကို ဆိုပါတယ်။

လက်ရှိ အခြေနေမှာ အစိုးရအသစ်အနေနဲ့ လူအများကြိုက် လုပ်ငန်းစဉ်တွေကိုသာ လုပ်ပြနေပြီး ပြည်ပထွက်ခွာမှုကို ရန့်တပ်လားစေအောင် အတွက် မူဝါဒတစ်ခု အခိုင်အမာရှိသင့်တယ်လို့ ဦးကျော်လွင်က ပြောပါတယ်။

“ရခိုင်ပြည်နယ် အစိုးရအနေနဲ့ တာဝန်ယူသင့်တဲ့အထဲမှာ လူငယ်တွေအတွက် ထည့်သွင်းစဉ်းစားထားတဲ့အချက်ကို ဘယ်တစ်ခုမှာမှ ကျနော် မတွေ့ရသေးပါဘူး။ အစိုးရတစ်ရပ်အနေနဲ့ ဒေသခံတွေရဲ့ အကျိုးအတွက် အများကြီး စဉ်းစားရပါမယ်။ ငါတို့ ပြည်နယ်က လူငယ်တွေ ဘာကြောင့် တိုင်းတစ်ပါးကို ထွက်ခွာမှုတွေ ရှိနေသလဲ။ ဘယ်လို အခွင့်အလမ်းတွေရှိရင် ဒါကို တားဆီးနိုင်မလဲဆိုတာ အစိုးရတစ်ရပ်အနေနဲ့ စဉ်းစားဖို့ လိုအပ်ပါတယ်။ ခုဟာက အစိုးရက ပြည်သူတွေကို ပေါ်ပိန်းအတွေးအခေါ်တွေကို လိုက်ပြီး လမ်းဆောက်ပေးမယ်။ ကျောင်းဆောက်ပေးမယ် ဆိုတဲ့ သဘောကျမှုအတွက်လောက်ပဲ လုပ်နေကြတယ်။ လူသားအရင်းအမြစ် တစ်ခုလုံး ပြည်ပကို ထွက်ခွာနေမှုအပေါ် ဂရုပြုဆောင်ရွက်ချက်တွေ မပါဘူး”



ရခိုင်ဒေသမှာ အလုပ်အကိုင်ရှားပါးမှုကို ပညာတတ်တွေဟာ အသက်မွေးဝမ်းကျောင်းအဖြစ် ဌာနာဆိုင်ရာ အစိုးရအလုပ်ကိုသာ ရွေးချယ်ရပြီး တခြား လုပ်စရာမရှိဘူးလို့ ရသေ့တောင်မြို့နယ် လူငယ်ကွန်ရက်က မျိုးမအေးက ဆိုပါတယ်။

“အလုပ်အကိုင် အခွင့်အလမ်းက အမျိုးသမီးတွေအတွက် မရှိပါဘူး။ ကျောင်းဆရာမအတွက်လောက်ပဲ နေရာရှိတယ်။ ဒါတောင် ဘွဲ့ရပြီးမှပါ”

ရသေ့တောင်မြို့နယ်မှာ ဆိုရင် အလုပ်အကိုင် ရှားပါးတာကြောင်း မိန်းမတွေဆိုရင်လည်း၊ ယောင်္ကျားတွေသာ လုပ်တဲ့ အလုပ်အကိုင်တွေသာ လုပ်ကိုင်နေရတယ်လို့ သူက ပြောပါတယ်။


အလုပ်အကိုင် ရှားပါးမှုတွေရဲ့နောက်ဆက်တွဲတွေကတော့ ရခိုင်ဒေသဟာ ဆင်းရဲမွဲတေမှုက ရုန်းမထွက်နိုင်သလို ၂၀၁၂ ပဋိပက္ခမီးတောက် တွေကလည်း မြင်တွေ့နေကြရမှာပါ ဖြစ်ပါတော့တယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top