Monday, July 25, 2016

နိုင်ငံတော် အသရေဖျက်မှုနှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ထိပ်သီးတစ်ဦး ဖမ်းဆီးခံရ

RiA ၊ ဇူလိုင် ၂၅ ရက်

စစ်တွေ။ နိုင်ငံတော်ကို အသရေဖျက်မှု၊ မမှန်မကန် စွပ်စွဲပြောကြားခဲ့သည်ဟု စွပ်စွဲချက်ဖြင့် အပစ် ရပ်စဲထားသည့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့မှ အဆင်မြင့်ခေါင်းဆောင်တစ်ဦးကို ယနေ့ ဇူလိုင် ၂၅ ရက်နေ့က စစ်တွေမြို့တွင် ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) ပြန်ကြားရေးဌာန ဒုဥက္ကဌ ဦးခိုင်မျိုးထွန်း ဖြစ်ပြီး ၎င်းကို မေလ ၆ ရက်နေ့က ရခိုင်ပြည်နယ် ဒေသကွပ်ကဲမှုစစ်ဌာနချူပ်မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းက တရားလို ပြုလုပ်ကာ ပုဒ်မ ၅၀၅ (ခ) ၊ ၅၀၅ (ဂ) နှင့် စစ်တွေမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

" ဦးခိုင်မျိုးထွန်းကို ကြေညာချက်ထုတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲထားတာ ဟုတ်ပါတယ်။" ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့၊ ဒုတိယရဲမှူးကြီး ဦးသစ်ဆန်းက ပြောသည်။

ဦးခိုင်မျိုးထွန်းကို တရားရုံးမှ စစ်ဆေးရန် အကြိမ်ကြိမ် ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ရန် ပျက်ကွက်ခဲ့သဖြင့် ဖမ်းဝရမ်း ထုတ်ပြီး ယနေ့ နေ့လည် ၃ နာရီအချိန်ခန့်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု စစ်တွေမြို့မ အမှတ် (၁) ရဲစခန်းက အတည်ပြုပြောကြားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP/ALA သည် ဧပြီ ၂၄ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး “မြန်မာ့တပ်မတော်မှ ရခိုင်ပြည်တွင်းစစ်အတွင်း ဒေသခံများကို အတင်းဓမ္မစေခိုင်းမှု၊ ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း" ဖော်ပြခဲ့သည်။

ဦးခိုင်မျိုးထွန်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီသို့ ဆက်သွယ်မေးမြန်းရာတွင် " ကျွန်တော်တို့ ဘာမှ မသိရသေးပါဘူး။ ခုက ကျွန်တော်တို့က မိုင်ဂျာယန်ညီလာခံကို ရောက်နေလို့ပါ။" ဟု ALP မှ ဗိုလ်မှူး ခိုင်ရဲလင်းက ဖြေကြားခဲ့သည်။

ဦးခိုင်မျိုးထွန်း အဖမ်းမခံရမီ မေလ ၉ ရက်နေ့တွင် ဆက်သွယ်မေးမြန်းခဲ့စဉ်က "ကျွန်တော်တို့ဆီမှာ သက်သေတွေ အခိုင်အမာရှိပါတယ်။ အစိုးရအဖွဲ့နဲ့ အမြန်ဆုံးတွေ့ပြီး ဒါကို ဖြေရှင်းဖို့ ကြိုးစားသွားမှာပါ။ ဒါကို လက်မခံဘဲ သူတို့က ကျွန်တော်တို့ပေးတဲ့ သက်သေအထောက်အထားတွေကို လက်မခံဘဲ ဖမ်းဆီးမယ်၊ တရားစွဲမှုတွေ ထပ်ပြုလုပ်လာမယ်ဆိုရင် ကျွန်တော်တို့ဘက်က အပစ်ရပ်စာချူပ်ကို စတင်ဖျက်သိမ်းဖို့ ၀န်မလေးပါဘူး " ဟု ဒုဥက္ကဌ ခိုင်မျိုးထွန်းက ပြောကြားခဲ့သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီကို ၁၉၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း ၄၈ နှစ်အကြာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ်တွင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် DKBA၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ ချင်းအမျိုးသားတပ်ဦး CNF၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့နှင့်အတူ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး စာချူပ်ကို ချူပ်ဆိုနိုင်ခဲ့သည့် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top