မိုးအောင်/RiA ၊ ဇွန် ၂၉ ရက်
ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ အစ္စလမ်ဘာသာဝင်တွေကို ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်မှု ထပ်မံ စိစစ်နိုင်ရန် အတွက် နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရာတွင် ဒေသခံကိုယ်စားပြုများ မပါဝင်တာကြောင့် အဆိုပါ ကော်မတီကို ကန့်ကွက်ကြောင်း ဒေသခံတွေက ကန့်ကွက်လှုပ်ရှားမှုတွေကို ဇွန်လ ၂၉ ရက်နေ့ကနေ စတင်ဆောင်ရွက်နေတယ်လို့ လှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းက ပြောပါတယ်။
“ ကျွန်တော်တို့က ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး သံသယရှိနိုင်တယ်ဆိုပြီး လုပ်တာပါ။ ၈၂ ဥပဒေကို ရေးဆွဲခဲ့တာလည်း အများပြည်သူရဲ့ ယုံကြည်မှုကို လက်ခံခဲ့ပြီးမှ ရေးဆွဲခဲ့တာပါ၊ တကယ့်ကို ကျွန်တော်တို့နိုင်ငံအတွက် သက်လုံကောင်းတဲ့ ဥပဒေ တစ်ခုပါ၊ ဒီကိစ္စကို ပွင့်လင်းမြင်သာမှုမရှိဘဲ ဌာနကိုယ်သာ ကိုယ်စားပြုတဲ့ ဝန်ထမ်းတွေက ပြည်သူတွေကို ကိုယ်စားမပြုဘူးလေ။ ကျွန်တော်တို့ ဖြစ်စေချင်တာက ပြည်သူက ယုံကြည်ရတဲ့ လူနှစ်ဦးကို စုံစမ်းရေး ကော်မတီမှာ ထည့်စေချင်တာပါ"
ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်လတ်အား ဆက်သွယ် မေးမြန်းကြည့်ရာ “ ဟုတ်ပါတယ်။ ဖွဲ့စည်းလိုက်တယ်ဆိုတာက မြို့ပေါ်က ဒေသခံတွေက မပါဘူး၊ အစိုးရအဖွဲ့ရဲ့ ညွန်ကြားချက် အတိုင်းပါပဲ ကျွန်တော်တို့ လုပ်ဆောင်ကြတာပါ။" လို့ ဖြေကြားခဲ့ပါတယ်။
နိုင်ငံသားစီစစ်ရေးကော်မတီမှာ ဒေသခံတွေမပါဝင်တာဟာ ပွင့်လင်းမြင်သာမှု အားနည်းပြီး၊ လိုသလိုပုံဖော်နိုင်တဲ့ အတွက် ဒေသခံတွေက လက်မှတ်ထိုးပြီး ကန့်ကွက်လှုပ်ရှားကြရတာဖြစ်တယ်လို့လည်း ဘူးသီးတောင်မြို့နယ် ပြည်သူလွှတ်တော်အမတ် ဦးအောင်သောင်းရွှေက ပြောပါတယ်။
“အရင်တုန်းက နိုင်ငံသား စီစစ်ရေးကော်မတီ ဖွဲ့စည်းတုန်းကတော့ ဒေသခံ ၂ ဦးစီထည့်သွင်းကြပါတယ်၊ အခုကျတော့ ဒေသခံ မပါလာတော့ဘူး ညွန်ကြားချက်မှာကိုယ်တိုင်က ဌာနာဆိုင်ရာတွေနဲ့ပဲ လုပ်ဆောင်ရန် ညွန်ကြားထားတာကို တွေ့ရပါတယ်"
ရခိုင်ပြည်နယ်မှာ မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စိစစ်နိုင်ဖို့အတွက် ပြည်နယ်အဆင့်နဲ့ မြို့နယ်အဆင့် နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ရခိုင်ပြည်နယ်အစိုးရက ဇွန်လ ၁၆ ရက် ကြေငြာချက် အမှတ်(၆၆/၂၀၁၆) နဲ့ ဖွဲစည်းလိုက်တာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးခြင်း ကြေငြာချက်မှာ မြို့နယ် အဆင့်ဖွဲ့စည်းရာတွင် လျှောက်ထားသူနှင့် သက်ဆိုင်သည့် ဒေသမှာ ဌာနာဆိုင်ရာ အများကြည်ညိုလေးစားခံရသူ(၂) ဦးပါဝင်ရန်ဆိုပြီး ပါရှိတယ်လို့ ထောက်ပြပြောဆိုပါတယ်။
0 comments:
Post a Comment