မင်းမျိုးနွယ်/RiA ၊ ဇွန် ၂၅ ရက်
ရခိုင်အမျိုးသားပါတီ၏ ဗဟိုကော်မတီဝင်များနှင့် အလုပ်အမှုဆောင်အဖွဲ့၏ အရေအတွက်ကို လျှော့ချနိုင်ရေး အတွက် လာမည့် ဇူလိုင် ၁ ရက်နှင့် ၂ ရက်နေ့တွင် ကျင်းပမည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။
“ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ အခြားသော နိုင်ငံရေးပါတီတွေကို ကြည့်လိုက်တဲ့အခါမှာ ငွေကြေးအင်အား၊ ပါတီဝင်ထုအားမှာ ကျွန်တော်တို့ထက်သာတဲ့ ပါတီတွေမှာတောာင်မှ ဗဟိုကော်မတီတွေ စီအီးစီတွေကို ANP ထက် လျော့နည်းပြီး ဖွဲ့စည်းထားတာတွေကို တွေ့ရပါတယ်။ လက်တွေ့မှာ များပြားတဲ့ အဲဒီ ပုဂ္ဂိုလ်တွေဟာ စုံညီစွာ ဆုံတွေ့နိုင်ဖို့ အစည်းအဝေး တက်ရောက်နိုင်ဖို့ အတွက် ကြိုးစားတဲ့အခါမှာ အခက်အခဲတွေရှိပါတယ်။ ကင်းကွာနေတဲ့ ပုဂ္ဂိုလ်တွေရှိနေပါတယ်။ ဒါကြောင့် အရည်အခြင်းရှိတဲ့ ပါတီခေါင်းဆောင်တွေနဲ့ ကျန်တာကို လျှော့ချပြီးတော့ ကျစ်လစ်ခိုင်မာအောင် ဖွဲ့စည်းနိုင်မှ ရှေ့ဆက်သွားနိုင်ဖို့ ဒီ အစည်းအဝေးမှာ အတည်ပြုချက် ရယူသွားမှာပါ။ "
ရခိုင်အမျိုးသားပါတီ၏ လက်ရှိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ၃၉ ဦး ရှိပြီး၊ ဗဟိုကော်မတီဝင်မှာ ၁၁၁ ဦး ထိ ရှိနေသည်။
အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်တွင် ကျင်းပမည့် ပါတီ၏ ဒုတိယအကြိမ် ညီလာခံအတွက် စည်းမျဉ်း စည်းကမ်းများကိုပါ ရေးဆွဲသွားမည်ဟု ဦးထွန်းအောင်ကျော်က ပြောသည်။
ရခိုင်မျိုးသားပါတီတွင် မြို့နယ်တစ်ချို့၌ သဘောထား ကွဲလွဲမှုများရှိနေပြီး ဗဟိုအလုပ် အမှုဆောင်နှင့် ကော်မတီဝင်များ နုတ်ထွက်မှုများ ရှိနေကာ၊ သဘောထား တင်းမာမှုများကြောင့် နုတ်ထွက်မည်ဟု ဖိအားပေး ပြောဆိုများနှင့် ပတ်သက်ပြီးလည်း ယခု အစည်းအဝေးမှ ဆုံးဖြတ်ချက်များ ချမှတ်သွားမည်ဟု သိရသည်။
ရခိုင်အမျိုးသားပါတီကို ယခင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချူပ် ALD တို့ ပူးပေါင်းကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ပါတီ၏ ပထမဦးဆုံး ညီလာခံကို ကျင်းပခဲ့ပြီး ယခင် RNDP ၏ ဥက္ကဌ ဒေါက်တာ ဦးအေးမောင်သည် အသစ်ဖွဲ့စည်းလိုက်သည့် ANP ၏ ဥက္ကဌ အဖြစ် ဆက်လက် တာဝန်ယူလာခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်အတွင်း ၂၃ နေရာဖြင့် အနိုင်ရရှိခဲ့ပြီး ဥက္ကဌ ဦးအေးမောင်မှာ ၎င်း၏ မဲဆန္ဒနယ်အတွင်း ပြိုင်ဘက်ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပါတီတွင်း သဘောထား တင်းမာမှုများ ရှိလာခဲ့သည်။
၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်နေ့တွင် ပါတီမှ ထုတ်ပြန်ခဲ့သည့် ၁/၂၀၁၆ ကြေညာချက် (၀န်ကြီးချူပ်ကို ANP မှ မခန့်အပ်လျှင် အစိုးရကို အတိုက်အခံလုပ်မည်ဟု ပါရှိသော) နှင့် ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်ခဲ့သည့် ပါတီဗဟို အလုပ်အမှုဆောင် အစည်းအဝေးတွင် UNA နှင့် မဟာမိတ် ရပ်စဲကြောင်း ဆုံးဖြတ်ကြေညာချက်များ ထုတ်ပြန်ပြီးနောက် ယခင် ALD ခေါင်းဆောင်များက ၎င်းတို့ကို အသိပေး ဆွေးနွေးပြီး ဆုံးဖြတ်ချက် ရယူခဲ့ခြင်းမပြုခဲ့ဟု ဆိုကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သဖြင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဦးလှမြင့်ပါ ၆ ဦးကို ပါတီမှ ထုတ်ပယ်ခဲ့ပြီး ပါတီတွင်း ထပ်မံနုတ်ထွက်မှုများ ရှိလာကာ လစ်လပ်ရာထူးများပြားလာခဲ့သည်။
ရခိုင်အမျိုးသားပါတီ၏ ပါတီတွင်း နိုင်ငံရေးရှုပ်ထွေးမှုများကို အဖြေရှာနိုင်ရေးအတွက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှ ၇ ရက်နေ့ထိ ပြုလုပ်ခဲ့သော ပဉ္စမအကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် တံခါးပိတ် အစည်းအဝေးတွင် ဒုတိယညီလာခံကို သတ်မှတ်ကာလထက် အမြန်ဆုံး ခေါ်ယူနိုင်ရေး ဆုံးဖြတ်ခဲ့ကြောင်း ထိုအချိန်က ဒုဥက္ကဌ ဦးခိုင်ပြည်စိုးက RiA ကို ပြောကြားခဲ့သည်။
" ၅ နှစ်တာကလဆိုတာက ဝေးလွန်းတယ်။ ၂၀၁၉ ထိ စောင့်ဆိုင်းရလိမ့်မယ်။ ဒါကြောင့် အဲဒီထက် ပိုမိုပြီး စောနိုင်ဖို့ သဘောတူခဲ့ကြတယ်။ ဒါပေမယ့် ဘယ်နေ့ဘယ်အချိန်မှာ လုပ်မယ် ဆိုတာကတော့ အတိအကျ မဆုံးဖြတ်ရသေးဘူး။ အဲဒီလို အတိအကျ ဆုံးဖြတ်နိုင်ဖို့ ဖွဲ့စည်းပုံထဲက ဘယ်အချက်တွေကို ပြင်လို့ ရမလဲဆိုတာ ထပ်မံပြီးတော့ ဆွေးနွေးရမယ်။ သေချာတာက ၂၀၁၉ မှာ လုပ်မယ့် ဒုတိယအကြိမ် ညီလာခံကို အဲဒီထက် အများကြီးစောပြီး လုပ်သွားမယ် ဆိုတာပါ"
ပါတီ၏ ဖွဲ့စည်းပုံအရ ဒုတိယအကြိမ်ညီလာခံကို ၅ နှစ်တစ်ကြိမ် ကျင်းပရန် သတ်မှတ်ထားသော်လည်း လက်ရှိအခြေအနေရ ပါတီကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် သတ်မှတ်အချိန်ထက် ၂ နှစ်စော၍ ကျင်းပရန် ယခု ဇူလိုင်လ ၁ ရက်နှင့် ၂ ရက်နေ့တွင် ကျင်းပမည့် အစည်းအဝေးတွင် အတည်ပြုနိုင်ရေး စီစဉ်ရခြင်း ဖြစ်သည်ဟု ဦးထွန်းအောင်ကျော်က ပြောကြားခဲ့သည်။

0 comments:
Post a Comment