Saturday, June 25, 2016

ရခိုင်ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ တစ်နေ့လျှင် ဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀ ကျော် ပို့လွှတ်နေ

ရန်ကုန်၊ ဇွန် ၂၅ ရက်

ကျောက်ဖြူရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ နေ့စဉ် ကုဗပေ သန်း ၅၀၀ ခန့်ကို ပို့လွှတ်လျှက် ရှိကြောင်း ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းရဲ့ သတင်းအချက်အလက်များကို ကိုးကားပြီး ဇွန်လ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာက ဖော်ပြခဲ့ပါတယ်။

အဆိုပါ ဓာတ်ငွေ့များကို ကျောက်ဖြူမြို့နယ် ကမ်းလွန်ဒေသ လုပ်ကွက်အမှတ် A1 နှင့် A3 အပြင်A7 တို့တွင် တူးဖော် ထုတ်ယူနေခြင်းဖြစ်ပြီး ပင်လယ်ရေအောက်ပိုက်လိုင်းဖြင့် ကျောက်ဖြူမြို့နယ် ဂုံးခွိုန်ကျေးရွာနှင့် မလကျွန်းရွာအကြားတွင် တည်ဆောက်ထားတဲ့ သဘာဝဓာတ်ငွေ့ လက်ခံဖြန့်ဖြူးရေးစခန်းသို့ ပေးပို့နေခြင်းဖြစ်တယ်လို့ သတင်းစာက ဖော်ပြပါတယ်။

ဓာတ်ငွေ့ထုတ်ယူခြင်းကို ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁၅ ရက်မှ စတင်ကာ ဆောင်ရွက်လျက်ရှိပြီး CNPC သို့ တစ်နေ့ ပျမ်းမျှ ကုဗပေသန်း ၅၀၀ နှင့် MOGE ကို နေ့စဉ် ကုဗပေ ၆၅ သန်း ပေးပို့လျှက်ရှိကြောင်း မြန်မာ့အလင်းက ရေးသားပါတယ်။

ဓာတ်ငွေ့များ ပို့လွှတ်နိုင်ရန် သွယ်တန်း ပိုက်လိုင်းရဲ့ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၆၇ ဘီလီယံ ရှိပြီး စီမံကိန်းရဲ့ အစုရှယ်ယာဝင်များအဖြစ် မြန်မာ့ရေနံက ၁၅ ရာခိုင်နှုန်း၊ ဒေဝူးကုမ္ပဏီက ၅၁ ရာခိုင်နှုန်း၊ OVL က ၁၇ ရာခိုင်နှုန်း GAILက ၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် KOGAS က ၈ ဒသမ ၅ ရာခိုင်နှုန်း တို့ဖြစ်ကြောင်း ဇွန်လ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်းက ဖော်ပြခဲ့ပါတယ်။

ယခုနှစ် ဇန်န၀ါရီ ၁၈ ရက်နေ့ ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တစ်လျှောက် လူမှု တရားမျှတမှုကို ရှာဖွေခြင်း” အစီရင်ခံစာမှာအရ ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့မှ ဓာတ်ငွေ့ ကုဗမီတာ သန်း ၂၀၀ အထိ ထုတ်ယူထားပြီး ဖြစ်ကြောင်း၊ ဒါ့အပြင် သဘာဝဓာတ်ငွေ့တင်ပို့မှာဟာ မြန်မာနိုင်ငံရဲ့ အဓိက ပို့ကုန်တစ်ခုဖြစ်လာပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်းမှာ ရွှေသဘာဝဓတ်ငွေ့နဲ့ ဇောတိကတို့ကနေ ဓာတ်ငွေ့ထုတ်ယူမှုဟာ သဘာဝဓာတ်ငွေ့တင်ပို့မှုရဲ့ ၄၂ ရာခိုင်နှုန်းထိ ရှိကြောင်း သိရပါတယ်။

ရခိုင်က ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ကို ပြည်နယ်အတွင်း ခွဲဝေအသုံးပြုခွင့် ရရှိရေးအတွက် တပြည်နယ်လုံးဆိုင်ရာ လက်မှတ်ရေးထိုးလှုပ်ရှားမှုတစ်ခုကို ပြီးခဲ့တဲ့ ဧပြီလကတည်းက ဆောင်ရွက်နေပြီး ဇွန်လ ၈ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်အတွင်း စက်ရုံအလုပ်ရုံများနှင့် ဒေသခံများရဲ့ လျှပ်စစ် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အတွက် သဘာဝဓာတ်ငွေ့ အသုံးပြုခွင့်ရရှိစေရေး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဌာနမှ ပြည်ထောင်စုအစိုးရသို့ တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း ကမ်းလွန်ရေနံဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇေယျက စစ်တွေမြို့ရှိ သတင်းမီဒီယာများကို ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top