ဇောင်းခ/RiA ၊ ဇွန်လ ၁၁ ရက်
စစ်တွေမြို့နယ် စာရေးဆရာ အသင်း၏ အလုပ်အမှုဆောင်ကော်မတီကို ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင် အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည်။
" အသင်းက ပုံမှန် လုပ်နေကျအတိုင်း ပြန်လည် ဖွဲ့စည်းခဲ့တာပါ။ ၂၀၁၂ ခုနှစ်မှာ တစ်ကြိမ် ရွေးချယ်ဖွဲ့စည်းတယ်။ အခု ၂၀၁၆ မှာ နောက်ထပ်တကြိမ် အသစ်ပြန်ရွေးတာပေါ့။" ဟု စစ်တွေမြို့နယ် စာရေးဆရာအသင်း၏ အတွင်းရေးမှူး ဦးသန်းလှိုင် (ပွင့်သစ်-တမန်းသား) က ပြောသည်။
အသင်းအနေနှင့် စာပေနှင့် ပတ်သက်သော အကျိုးပြုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက် သွားမည် ဖြစ်သလို ဆယ်စုနှစ် တစ်ခုကြာ ရပ်နားခဲ့သည့် ကစ္ဆပ မဂ္ဂဇင်းကို ပြန်လည် ထုတ်ဝေသွားမည် ဖြစ်ကြောင်းလည်း အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြသည်။
"ကစ္ဆပ မဂ္ဂဇင်းက အဲဒီတုန်းက ရံပုံငွေမရှိလို့ ရပ်နားခဲ့ရတာ။ တကယ်တော့ ဒီမဂ္ဂဇင်းက အသင်းရဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ပြန်လည်ထုတ်ဝေမှာပါ။ ဒါ့အပြင် လူငယ်တွေအတွက်လည်း ကာတွန်း၊ ဟောပြောပွဲတွေကို ကျင်းပသွားပေးမှာပါ" ဦးသန်းလှိုင်က ပြောသည်။
အသင်း၏ ယနေ့ အစည်းအဝေးမှ ဥက္ကဌ အဖြစ် ဦးအောင်ကျော်ဝင်း၊ အတွင်းရေးမှူးအဖြစ် ဦးသန်းလှိုင် (ပွင့်သစ် -တမန်းသား) ၊ ဘဏ္ဍာရေးမှူးအဖြစ် ၀တီမြနှင့် အဖွဲ့ဝင်များအဖြစ် ဦးကျော်စိုးလူ၊ ဦးဖဒူစံရွှေတို့ကို အသီးသီး ရွေးချယ်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
--
(ဓာတ်ပုံ - စစ်တွေမြို့နယ် စာရေးဆရာအသင်း)

0 comments:
Post a Comment