ဇောင်းခ/RiA ၊ မေ ၄ ရက်
စစ်တွေမြို့နယ်အနီးတွင် ဧပြီ ၁၉ ရက်နေ့က နစ်မြုပ်ခဲ့သော စက်လှေမှာ လိုက်ပါလာသူများနှင့် ပတ်သက်၍ ကမန်အမျိုးသားတိုးတက်ရေးပါတီနှင့် ကမန်လူထုကြားတွင် အငြင်းပွားမှု ဖြစ်ပွားနေကြောင်း သိရသည်။
လှေနစ်မြုပ်ခဲ့ပြီးနောက် နိုင်ငံတကာ သတင်းမီဒီယာများက လှေနစ်မြုပ်သူများမှာ ရိုဟင်ဂျာများဟု ဖော်ပြခဲ့ခြင်း၊ မေလ ၃ ရက်နေ့ ရက်စွဲဖြင့် ကမန်အမျိုးသားတိုးတက်ရေး ပါတီက လှေနစ်မြုပ်ခဲ့ရာတွင် ကမန်အမျိုးသားများ ပါဝင်ခြင်း မရှိဟု ထုတ်ပြန်ချက်များ ထွက်ပေါ် လာပြီးနောက်တွင် ယခုလို အငြင်းပွားမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

"စက်လှေကို မောင်းတဲ့သူကိုယ်တိုင်က ကမန်အမျိုးသားပါ။ အဲဒီနေ့က ကမန်အမျိုးသား ၆၀ ကျော်လောက် ပါဝင်ခဲ့ပါတယ်။ ဒါကို စစ်တွေက ကမန်ပါတီက မဟုတ်ဘူးလို့ ငြင်းဆိုတယ်။ ဒီကိစ္စကို ရခိုင်တောင်ပိုင်း ဘက်မှာရှိတဲ့ ကမန်တိုင်းရင်းသားတွေနဲ့ ကျနော်တို့ ဆွေးနွေးနေတယ်။ ကန့်ကွက်မှုတွေ ပြုလုပ် သွားဖို့လည်း စီစဉ်နေပါတယ်။ လ၀က ကတောင် ကမန်ဖြစ်ကြောင်း မှတ်ပုံတင် ထုတ်ပေးထားတာ။ အဲဒီပါတီက မဟုတ်ဘူးလို့ ပြောပိုင်ခွင့် မရှိဘူး။ ကျနော်တို့ ဒါကို ဆွေးနွေးနေတယ်။" ဟု ပေါက်တောမြို့နယ် ဆင်တက်မော် ဒုက္ခသည်စခန်းနေ ကမန်လူထုခေါင်းဆောင် ဦးမြသိန်းက ပြောသည်။
ကမန်တိုင်းရင်းသားများမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ ဖြစ်ပြီး လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ရိုဟင်ဂျာအရေးတွင် ဘာသာရေးကြောင့် ရောပြွန်းကာ ခွဲခြား ဆက်ဆံခံနေရပြီး ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် တိမ်းရှောင်နေခဲ့ရကာ ယခုတိုင် နေရပ်သို့ မပြန်နိုင်သေးကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များအားလုံးကို ရိုဟင်ဂျာ၊ ဘင်္ဂလီဟု ခေါ်ဝေါ် သတ်မှတ်နေခြင်းမှာ ကမန်တိုင်းရင်းသားများအတွက် နစ်နာမှုတစ်ခုဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ်များတွင် အဓိက နေထိုင်ကြသော ကမန် တိုင်းရင်းသားများမှာ ရခိုင်ပြည်နယ်တွင် လူဦးရေ ၅၀၀၀၀ ခန့်သာရှိပြီး စာရင်းအချက်အလက် အတိအကျနှင့် ကိုင်တွယ်၍ ယခု လှေနစ်မြုပ်မှုတွင် ကမန်များလုံးဝ ပါဝင်ခြင်းမရှိဟု ထုတ်ပြန်ရခြင်းသာ ဖြစ်ကြောင်း ကမန်အမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောသည်။
"ကျနော်တို့ဆီမှာ စာရင်းအတိအကျရှိပါတယ်။ ကမန်တွေ ဘယ်မြို့နယ်တွေမှာ ဘယ်လောက်ရှိတယ်ဆိုတာ။ တရားဝင် ပါတီတစ်ခုအနေနဲ့ ကျနော်တို့ ထုတ်ပြန်ပါတယ်။ အဲဒီနေ့က လှေနစ်မြုပ်တုန်းက ဘယ်ကမန်မှာ ပါမသွားခဲ့ပါဘူး။ "
ဧပြီ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်အချိန်က စစ်တွေမြို့နယ် သဲချောင်းဆိပ်ကမ်း အ၀င်ဝတွင် စက်လှေတစ်စီးနစ်မြုပ်ခဲ့ပြီး သေဆုံးသူ ၁၈ ဦးအလောင်းကို ရရှိခဲ့ကာ လိုက်ပါလာသူ ၄၉ ဦးတွင် ၁၂ ဦး ပျောက်ဆုံးနေကြောင်းနှင့် လှေပေါ်တွင် လိုက်ပါလာသူများမှာ ဘင်္ဂလီများသာ ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
0 comments:
Post a Comment