Sunday, May 8, 2016

အတုအပ သတိပြုပါ


လင်းမြတ်၊ မေ ၈ ရက်

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိသောတိုက်ပွဲများ၏ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် သတင်းအမှားလွှင့်ခြင်း၊ Propaganda ခေါ် ဝါဒဖြန့်ရေးသားခြင်း၊ လှုံ့ဆော်မှုများကို လူမှုကွန်ရက်ပေါ်တွင် ပိုမိုကျယ်ပြန့်စွာ တွေ့ရှိလာရပါသည်။


အင်တာနက်အသုံးပြုသည့်ပြည်သူများသည် ဝါဒဖြန့်သူများ၏ပစ်မှတ်များဖြစ်ကြသည့်အားလျော်စွာ ထိုလှုံ့ဆော်မှုများသည် တိုက်ပွဲသတင်းများအား စိတ်ပါဝင်စားစွာစောင့်ကြည့်နေကြသူများထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာကြသည်။

အသာမနေဘဲ စောင့်ကြည့်ဝေဖန်ကြခြင်း၊ တုန့်ပြန်ဝေဖန်ကြခြင်းသည် ကောင်းသောလက္ခဏာဟု ဆိုနိုင်သော်လည်း စာဖတ်သူများသည် အွန်လိုင်းပေါ်မှအရေးအသားများကို အတုအစစ်မခွဲခြားနိုင်ပါက ဝါဒဖြန့်သူများ၏သတ်ကွင်းသို့ အလိုအလျောက်ကျရောက်သွားတတ်ပါသည်။
ဥပမာတစ်ခုအား အကိုးအကားပြု၍ တင်ပြလိုပါသည်။ 

“ရက္ခိုင့်တပ်မတော်AAကိုတိုက်နေတာဟာ စစ်ရေးလေ့ကျင့်တဲ့အဆင့်မှာသာရှိသေးကြောင်း တပ်ရင်းမှူးထွန်းဇော်မှပြော”ဆိုသည့် သတင်းတစ်ခုကို မေလ ၇ ရက်နေ့တွင် RiA ဟုအမည်ပေးထားသော Facebook Page (https://web.facebook.com/RootAgency1) မှ ဖော်ပြခဲ့သည်ကို တွေ့ရပါသည်။


ထိုသတင်းအား မေ ၈ ရက်နေ့ နံနက်အထိ Facebook အသုံးပြုသူ ၂၂၂ ဦးမှ မျှဝေထားသည်ကို တွေ့ရသည်။

ထိုသတင်းအား မျှဝေသူများထံမှလည်း အဆင့်ဆင့်မျှဝေခဲ့ကြရာ Khine Min Myat Account (web.facebook.com/khinemin.myat.9) ၌ဆိုလျှင် Like 1 K ၊ မျှဝေသူ ၇၀၀ ကျော်နှင့် မှတ်ချက်(Comment)ပေါင်း တစ်ထောင်ကျော်အထိ ရှိသည်။

အင်တာနက်သတင်းစိစစ်ခြင်းလုပ်ငန်းအဆင်ဆင့်အရ စိစစ်ကြည့်သည့်အခါ သတင်းဌာနတစ်ခုပုံစံ တုပဖန်ဆင်းထားသည့် Page အတုဖြစ်နေသည်ကို တွေ့ရပါသည်။

(၁) Page အစစ် (https://web.facebook.com/RootAgency) တွင် Like လေးသောင်းနီးပါးရှိ၍ အတု (https://web.facebook.com/RootAgency1) တွင် Like နှစ်ထောင်ခန့်သာ ရှိသည်။ RootAgency နှင့် RootAdency1 မတူသည်ကိုလည်း သတိပြုရမည်။

(၂) သတင်းကို မိုဘိုင်းဖုန်းဖြင့် ရေးတင်ထားခြင်းဖြစ်သည်ကို တွေ့ရသည်။
(၃) သတင်းဌာနများသည် သတင်းရင်းမြစ်တစ်ဦးဦး၏ကိုးကားပြောစကား Quote ကို သတင်းတစ်ပုဒ်လုံး ပြည့်နှက်နေအောင် ပြွတ်သိပ်ဖော်ပြသည့်အလေ့အထမရှိကြပါ။ အဆိုပါသတင်းတွင် တပ်ရင်းမှူးထွန်းဇော်က ပြောသည်ဆိုသည့်စကားများကို ပြွတ်သိပ်ဖော်ပြထားသည်။

သတင်းတစ်ခုအား စိစစ်သည့်အခါ Common Sense အသုံးပြု၍ ခွဲခြမ်းစိတ်ဖြာနိုင်သလို Search Box တွင် ရှာဖွေစိစစ်ကာ သတင်းတင်ဆက်မှုပုံစံ ကျ မကျ၊ သတင်းရင်းမြစ်ခိုင်လုံမှုနှင့်ယုတ္တိ ရှိ မရှိ စသည်များကို ဝေဖန်ကြည့်မှသာ သတင်းအချက်အလက်အမှန်ကို ရရှိမည်ဖြစ်ပါသည်။

ရရှိသောအချက်အလက်မှန်ကန်မှ သုံးသပ်ဝေဖန်မှုများလည်း တော်တဲ့ဆီလျော်မည် ဖြစ်ပါသည်။ ထို့ကြောင့် သတင်း Page များအား မျှဝေခြင်းမပြုလုပ်မီ၊ မှတ်ချက်ရေးသားခြင်းမလုပ်မီ စိစစ်သင့်ပါသည်။ ထိုမှသာ ဝါဒဖြန့်လှုံ့ဆော်သူများ၏ ထောင်ချောက်ကို ရှောင်ကွင်းဖယ်ရှားနိုင်မည်ဖြစ်ကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

လင်းမြတ် (www.lynnmyat.com)

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top