Tuesday, May 3, 2016

MRTV-4 မှ သတင်းထုတ်လွှင့်မှုနှင့်ပတ်သက်၍ တပ်မတော်မှ သတင်းထုတ်ပြန်

နေပြည်တော်၊ မေ - ၃

ပြည်တွင်းရုပ်မြင်သံကြား မီဒီယာတစ်ခုဖြစ်သည့် MRTV-4 မှ ၂၀၁၆ ခုနှစ် ဧပြီ ၂၉ ရက် ည ၈ နာရီ သတင်းထုတ်လွှင့်ရာတွင် ''အစိုးရတပ်နှင့် ရခိုင်တပ်မတော်(AA) တိုက်ပွဲကြောင့် ဒေသခံ ၁၁၀၀ ဝန်းကျင်စစ်ဘေးရှောင်နေရ'' ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ် ထုတ်လွှင့်ခဲ့ပြီး MRTV-4 ၏ တရားဝင် website စာမျက်နှာတွင်လည်း ဖော်ပြခဲ့သည်။ ယင်းသို့ထုတ်လွှင့်ဖော်ပြရာတွင် တပ်မတော်ကို ''အစိုးရတပ်'' ဟုခေါ်ဝေါ်သုံးစွဲခဲ့ပြီး AA သောင်းကျန်းသူအဖွဲ့ကို ''ရခိုင်တပ်မတော်'' ဟု ဖော်ပြခဲ့ သည်ကို တွေ့ရှိရသည်။


ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတိုင်းတွင် နိုင်ငံတော်ကိုကာကွယ်ရန်ဖွဲ့စည်းထားသည့် တပ်မတော်သည် တစ်ခုတည်းသာရှိကြပါသည်။ တပ်မတော်နှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၇)တွင်လည်း ''တပ်မတော်'' ဟုသာ အမည်တပ် သုံးစွဲဖော်ပြထားသည်။ ၎င်းအခန်း၏ ပုဒ်မ-၃၃၇ တွင် ''တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်'' ဟု ဖော်ပြထားရှိပြီး ကျန်ပုဒ်မများတွင်လည်း တပ်မတော် ဟုသာ ရေးသားဖော်ပြထားပါသည်။

"တပ်မတော်"အသုံးအနှုန်းကို မှန်ကန်စွာ သုံးစွဲဖော်ပြခြင်းမပြုဘဲ အစိုးရတပ် ဟုဖော်ပြခြင်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါ်ပေါက်လာသော တပ်မတော်၏ သမိုင်းကြောင်း၊ နိုင်ငံတော်အတွက် ရင်းနှီးပေးဆပ်မှုများစွာဖြင့် စွန့်လွှတ်စွန့်စား ဆောင်ရွက် ခဲ့ကြသည့် တပ်မတော်၏ ပုံရိပ်နှင့်ဂုဏ်သိက္ခာကို များစွာထိခိုက်စေပါသည်။ ထို့ပြင် တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် AA သောင်းကျန်းသူအဖွဲ့ကို ရခိုင်တပ်မတော်ဟု ဖော်ပြခြင်းမှာလည်း လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်းတစ်ခုအား တရားဝင်တပ်မတော် တစ်ရပ်ကဲ့သို့ အားပေးအားမြှောက်ပြုသည့် သဘောသက်ရောက်ပါသည်။ ယင်းသည် MRTV-4 ၏ သဘောထားကိုပါ ထင်ဟပ်စေပါသည်။

သို့ဖြစ်၍ တရားဝင်မှတ်ပုံတင်ထားရှိသော ပြည်တွင်းရုပ်မြင်သံကြားမီဒီယာ တစ်ခုဖြစ်သည့် MRTV-4 ၏ အဆိုပါ သတင်းထုတ်လွှင့်မှုသည် သတင်းမီဒီယာကျင့်ဝတ်ကို လိုက်နာစောင့်ထိန်းမှု မရှိသည့်အပြင် ညီညွတ်မျှတမှန်ကန်စွာသုံးစွဲ ဖော်ပြခြင်းမရှိသဖြင့် တပ်မတော်(ကြည်း၊ရေ၊လေ) ကိုယ်စား ပြင်းထန်စွာကန့်ကွက် ရှုံချကြောင်းနှင့် တာဝန်ရှိသူများက လိုအပ်သလို ထိန်းသိမ်း ကြပ်မတ်ပေးရေးတောင်းဆိုပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top