Monday, May 30, 2016

ရခိုင်စစ်ပွဲအတွင်း ဒေသခံများ၏ တဲအိမ်တချို့ မီးရှို့ဖျက်ဆီးခံခဲ့ရ

တိုက်ပွဲဖြစ်ပွားရာ ရမ်းချောင်းဖျားဒေသ၊ သံတံတားအနီးမှ ဖျက်ဆီးခံခဲ့ရသည့် တဲအိမ်တစ်လုံး
မင်းမျိုးနွယ်/RiA ၊ မေ ၃၀ ရက်

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာအလအတွင်းက မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့ အကြား ရမ်းချောင်းဖျားဒေသတွင် ဖြစ်ပွားခဲ့သည့် AA လက်နက်ကိုင်နှင့် မြန်မာတပ်မတော်ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား ခဲ့သည့် နေရာများတွင် ဒေသခံများ၏ နေအိမ်တဲနှင့် ဥယျာဉ်ခြံတချို့ မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါတဲစုများမှာ ကျောက်တော်နှင့်မြောက်ဦးမြို့နယ်တို့မှ ဒေသခံများ လုပ်ကိုင် စားသောက်နေကြသည့် နေရာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေချိန်တွင် ကြောက်ရွံ့ ထွက်ပြေးလာခဲ့ကြစဉ် ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခြင်းကိုခံလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“ရမ်းချောင်းဖျားမှာက ဒီနေရာကလူတွေ လုပ်ကိုင်စားသောက်နေကြတာပါ။ ချောင်းဖျားမှာ နေကြတဲ့ လူတွေက အမြဲတမ်းနေကြတာ။ ဥယျဉ်လုပ်တဲ့သူတွေ။ စိုက်ခင်း လုပ်တဲ့သူတွေ။ ကွမ်းခင်းတို့ယာခင်းတို့ လုပ်ကိုင်ပြီးရှိကြတယ်။ အခုကလူတွေလည်း ချောင်းဖျားကို မသွားတော့ဘူး။ သဇင်ရွာလောက်ကိုပဲ သွားလာကြတယ်။ အထက်ပိုင်းကိုတော့ ဘယ်သူမှ မသွားတော့ဘူး။ တချို့နေရာတွေမှာလည်း တဲစုတွေ မီးရှို့ခံထားရတာရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မြင်တွေ့ခဲ့တာတွေ ရှိတယ်။ တဲတွေဆိုပေမယ့် ရွာတွေလို အနည်းဆုံးဆယ်ကိုးဆောင် စုပြီးနေကြတာပါ။ စစ်တပ်ကရှို့တာလား တခြားသူတွေလား ဆိုတာကိုတော့ မပြောတတ်ဘူး။”ဟု ရမ်းချောင်းဖျားဒေသခံ ကိုခိုင်ဇော်လင်းက ပြောသည်။

လက်ရှိတွင် ယင်းဒေသအတွင်း စိုက်ပျိုး လုပ်ကိုင်စားသောက်နေကြသည့် တောင်သူများမှာ
မိမိတို့နေထိုင် လုပ်ကိုင်စားသောက်ရာနေရာသို့ ပြန်လည်သွားရောက် နေထိုင်ခွင့် မရရှိကြဘဲဖြစ်နေကြပြီး ၎င်းတို့မှီခိုနေကြသည့် အလုပ်အကိုင်များကိုလည်း စွန့်လွှတ်ထားခဲ့ကြရကြောင်းနှင့် လက်ရှိတွင်ဒုက္ခသည် စခန်းများတွင်သာ နေထိုင်ကြရကြောင်းသိရသည်။

“အဲဒီလိုနေကြတဲ့ တဲစုတွေလည်း တော်တော်များများရှိပါတယ်။ အိမ်ထောင်စုပေါင်း အနည်းဆုံး ၆၀ ကျော်ရှိပါတယ်။ အခုက အဲဒီမှာမနေကြတော့ဘူး။ ဒီနှစ် သူတို့ ဥယျာဉ်တွေမှာ သီးနေကြတဲ့ အသီးအနှံတွေကိုလည်း ခူးဆွတ်ဖို့ ရိတ်သိမ်းဖို့အတွက် သွားလာဖို့ မလွယ်တော့ဘူး။ သွားမယ်ဆိုရင်လည်း အထာက်အထားတွေနဲ့ သွားရမှာဆိုတော့ ဘယ်သူမှ သွားမှာမဟုတ်တော့ဘူး။ မသွားရဲတော့ဘူး။ သွားလို့စစ်တပ်နဲ့ တွေ့ရင်လည်း မှတ်ပုံတင်တို့ ထောက်ခံစာတို့စစ်တယ်။ သိမ်းထား လိုက်တာတွေရှိနေတော့ လူတွေကကြောက်ရွံ့နေကြတယ်။ ဆောင်းရာသီကလည်း စိုက်ပျိုးထားတဲ့ ငရုတ်ခင်းတွေ၊ နှမ်းခင်းတွေ၊ ပဲခင်းတွေဟာ ရိတ်သိမ်းခွင့် မရကြဘူး။ ဒီတိုင်းပဲထားပြီးတော့ လာခဲ့ရတယ်။” ဟု ရမ်းချောင်းဒေသကို စွန့်ခွာလာခဲ့သည့် စစ်ဘေးဒုက္ခသည် ဦးညီဇော်က ပြောသည်။

ယင်းရမ်းချောင်းဖျားဒေသတွင် ဒေသခံများ စိုက်ပျိုးထားကြသည့် ဟင်းခင်းဥယျာဉ်များ၊ ရာသီပေါ် သီးနှံစိုက်ခင်းများအပြင် ပျဉ်းကတိုး၊ ရော်ဘာအစရှိသည့် နှစ်ရှည်ပင် စိုက်ခင်းများလည်း အများအပြားရှိပြီး ယင်းဒေသတွင်တဲစုများအပြင် ကျေးရွာ သုံးခုမှာလည်း နေထိုင်ခွင့်မရရှိသည့်အတွက် ရွာပျက်စီး သွားခဲ့ကြောင်း၊ ယင်းကျေးရွာများမှာ တောင်လှ (သဇင်ရွာ)၊ သံတံတား၊ ဘာယီရွာတို့ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top