ကိုဇိုင်း/RiA ၊ မေ ၃ ရက်
စစ်တွေမြိ့နယ်တွင် ယနေ့ မေ ၃ ရက် နံနက် ၉ နာရီခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှု ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၃၀၀ ကျော်ခန့်နှင့် မီးဘေးကြောင့် အိုးမဲ့အိမ်မဲ့ ၁၈၀၀ ကျော်ထိ ရှိလာကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာမှာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခကာလများအတွင်းက အစ္စလာမ်ဘာသာဝင်များအတွက် ယာယီဒုက္ခသည်စခန်းများအဖြစ် နေရာချထားပေးခဲ့သည့် ဘောဒူပိုက် ဒုက္ခသည်စခန်းဖြစ်သည်။
မီးလောင်မှုကြောင့် ၈ ခန်းတွဲ တဲတန်းလျား ၅၆ လုံး မီးလောင်ပျက်စီးခဲ့ပြီး မိသားစု ၄၄၈ စု၊ လူဦးရေ ၁၈၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ဆုံးရှုံးမှု ကာလတန်ဖိုး ကျပ်သိန်းတစ်ထောင့်သုံးရာကျော်ခန့် ပျက်စီးခဲ့ကြောင်း ပြည်နယ်မီးသတ်တပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
မီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး ကွင်းဆင်းဆောင်ရွက်နေတဲ့ စစ်တွေခရိုင်ရဲမှူး ဦးဝင်းနောင်က " ခုချိန်ထိတော့ အသေအပျောက် စာရင်းမရှိသေးဘူး။ မရှိလောက်လို့ ယူဆပါတယ်။ မီးဘေးဒုက္ခသည်တွေကို နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးဌာနရဲ့ အစီအမံတွေနဲ့ ပြန်လည်နေရာ ချထားပေးရေးတွေ ဆောင်ရွက်ပေးနေပါတယ်။ စားနပ်ရိက္ခာတွေနဲ့ တခြားလိုအပ်တဲ့ အကူအညီတွေရရှိဖို့လည်း အမြန်ဆုံး စီစဉ်နေပါတယ်" ဟု ပြောကြားခဲ့သည်။
မီးလောင်ကျွမ်းမှုမှာ မေလ ၃ ရက် နံနက် ၉ နာရီအချိန်က စစ်တွေမြို့နယ် ခေါင်းဒုတ်ကာကျေးရွာအုပ်စု ဘောဒူဖ (၂) ဘင်္ဂါလီ IDP ဒုက္ခသည်စခန်း အဆောင် (၁) အခန်း (၄)တွင် နေထိုင်သူ ဦးအာတူဟဲ(ဘ )ဦးဒူဒူမျှာ နေအိမ်၌ထမင်းချက်ရာမှ အနီးရှိ ဝါးထရံအား မီးလောင်ကျွမ်းမှုဖြစ်ပွားရာမှ အခြားနေအိမ်ဆောင်များသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment