မိုးအောင်/Root Investigative Agency
မေလ ၂၁ ရက်နေ့မှာ ရခိုင်သတင်းသမားတွေရဲ့ မှတ်တမ်းအချက်အလက်တွေ ဖျက်ဆီးခံလိုက်ရတာဟာ ရခိုင်ပြည်နယ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ထဲက သတင်းမီဒီယာတွေကို ဖိနှိပ်မှုတစ်ခုလား ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။
ဒီလို အစိုးရသစ်ရဲ့ ရခိုင်သတင်းထောက်တွေအပေါ် သတင်းရေးသားခြင်း ကန့်သတ်မှု၊ သတင်းမှတ်တမ်းတွေကို ဖိအားပေး ဖျက်ဆီးမှုတွေဟာ သတင်းမီဒီယာတွေနဲ့ အစိုးရသစ်ကြား တင်းမာတဲ့ ဆက်ဆံရေးတစ်ခုကို မွေးဖွားခဲ့ခြင်း ဖြစ်သလို၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ပြဌာန်းထားတဲ့ကျင့်ဝတ် ဥပဒေများကို ပြည်နယ် အစိုးရတစ်ရပ်အနေနဲ့ ဘယ်လောက်ထိ လက်ခံနိုင်သလဲဆိုတာပါ စဉ်းစားစရာ ဖြစ်လာပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ နောက်ထပ်ပြီးတော့ရော ဒေသတွင်း သတင်းမီဒီယာတွေအပေါ် ဘယ်လို ကန့်သတ်မှုတွေ ပြုလုပ်လာမလဲဆိုတာကလည်း ထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ချက် ဖြစ်နေပါပြီ။
၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်ပဋိပက္ခ တင်းမာမှုကနေ ရခိုင်ပြည်နယ်ဟာ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာ့မီဒီယာတွေက ရခိုင်ပြည်နယ်အရေးကို ဦးစားပေးဖော်ပြနေတဲ့ အထဲမှာ ဒေသတွင်း ရခိုင်မီဒီယာသမားတွေကတော့ သူတို့ကိုယ် သူတို့ ဆင်ဆာဖြတ် နေရပါတယ်။
စာပေစီစစ်ရေးအဖွဲ့ မရှိတော့ပြီ ဖြစ်ပေမယ့် လူထုဆင်ဆာကတော့ ရခိုင်ပြည်နယ်မှာ သတင်းရယူနေသူများအတွက် အင်မတန် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပါ။
ဒါဟာ ရခိုင်ဒေသ မီဒီယာ ဖွံဖြိုးရေးအတွက် စိုးရိမ်စရာအချက်ပါ။
ပြီးခဲ့တဲ့နှစ် ၂၀၁၅ ခု ဖေဖေါ်ဝါရီလမှာ ဖြစ်ပွားခဲ့တဲ့ သင်ခန်းစာယူစရာတစ်ခုကတော့ “ဆန္ဒပြမှုတွေ ပြုလုပ်ရာမှာ ဘာသာရေးအလံတော်တွေ အသုံးပြုခဲ့မှုနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြခဲ့တဲ့ သတင်းမီဒီယာတစ်ခုအပေါ် လူထုဆင်ဆာနဲ့ ကျဆုံးအောင် ဆောင်ရွက်ခဲ့ကြတာပါ။”
လူထုတွေရဲ့ နောက်ကွယ်မှာ အစိုးရအဖွဲ့ဝင်တွေ ပါဝင်ပတ်သက်မှုတွေ ရှိနေနိုင်သလို၊ နိုင်ငံရေးပါတီများလည်း ရှိကောင်းရှိနေနိုင်ပါတယ်။
ဒါကြောင့်မို့ ရခိုင်ပြည်နယ်ရဲ့ အင်အားကြီး နိုင်ငံရေးပါတီများအပေါ် ဒေသ သတင်းထောက်များက ဝေဖန်ရေးသားမှုတွေ ပြုလုပ်တဲ့အခါ ပါတီရဲ့ ပါတီဝင်တွေကို အခြေပြုပြီး လူထုကို ၀န်းရံစေတဲ့နည်းနဲ့ သတင်းထောက်တွေကို ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ကြတာပါ။
၂၀၁၆ ခုနှစ် အစိုးရအာဏာလွှဲပြောင်းချိန် ပြည်နယ် လွှတ်တော်ဥက္ကဌ ရွေးချယ်တင်မြောက်စဉ်ကလည်း သတင်းရယူမှုတွေနဲ့ ပတ်သက်ပြီး အစိုးရပိုင် သတင်းမီဒီယာများကသာ ရရှိခဲ့ကြပါတယ်။
ပုဂ္ဂလိက သတင်းမီဒီယာတွေအပေါ် “လူ့အဖွဲ့အစည်းကို အန္တရာယ်ပေးသော ဒုစရိုက်သမားများ” အဖြစ် မြင်ယောင်နေကြတဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတချို့ရဲ့ အတွေးအခေါ်တချို့ကို အစိုးရသစ်အနေနဲ့ ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်နေပါတယ်။
ရခိုင်ပြည်နယ် အစိုးရသစ်အနေနဲ့ ရက် ၁၀၀ စီမံချက်ကို ဖော်ဆောင်နေချိန်မှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်မှုတွေ ပြုလုပ်နေတာဟာ အစိုးရသစ်အဖွဲ့ရဲ့ ဦးဆောင်မှုအပေါ် ရခိုင်သတင်းထောက်တွေက အယုံအကြည်မဲ့သွားစေနိုင်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တချို့က ဖြစ်ပွားခဲ့တဲ့ ဒီမိုကရက်တစ် မြန်မာအသံ DVB ရဲ့ ရခိုင်သတင်းထောက်တစ်ဦးရဲ့ မှတ်တမ်း ဖိုင်တွေကို မောင်တောဒေသက အာဏာပိုင်တစ်ဦးက သိမ်းဆည်းခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
ပိုပြီး ဆိုးရွားတာက မေလ ၂၁ ရက်နေ့မှာ ရခိုင်သတင်းသမားတွေရဲ့ မှတ်တမ်းအချက်အလက်တွေ ဖျက်ဆီးခံလိုက်ရတာဟာ ရခိုင်ပြည်နယ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ထဲက သတင်းမီဒီယာတွေကို ဖိနှိပ်မှုတစ်ခုလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
0 comments:
Post a Comment