Wednesday, May 11, 2016

ဦးလှမောင်တင် လက်ထက် ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို ပြန်ရောက်သွားသလို ဖြစ်နေတယ်

မိုးအောင်/RiA ၊ မေ ၁၁ ရက်
ဦးမောင်မောင်အုန်းသည် ယခင်က ကာကွယ်ရေးဦးစီးချူပ် (ကြည်း) တွင် နိုင်ငံတော်အဆင့် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ကာ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် အမိန့်အမှတ် ၁၉/၂၀၁၃ ဖြင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံခဲ့ရပြီး ၂၀၁၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချူပ်အဖြစ် နိုင်ငံတော်သမ္မတ၏ အဆိုတင်သွင်းခံခဲ့ရကာ ဇွန်လ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။


“ရခိုင်လူမျိုးတစ်ဦးမဟုတ်ပေမဲ့ ကျနော့် ခန္ဓာကိုယ်မှာ ရခိုင်သွေးတွေ စီးဆင်းနေပါတယ်” ဟု ပထမဦးဆုံး မိန့်ခွန်းနှင့် တာဝန်ယူလာသည့် ဦးမောင်မောင်အုန်း ၀န်ကြီးချူပ်လက်ထက် ရခိုင်လူမျိုးတို့၏ ရိုးရာ အားကစားတစ်ခုဖြစ်သည့် ရခိုင်ကျင်ပွဲများကို ပိုမိုအဆင့်မြင့် စည်ကားစွာ ကျင်းပနိုင်ခဲ့ကြသည့်အပြင် ရခိုင်ပြည်နယ်တစ်ဝှမ်း မဟာဓာတ်အား လျှပ်စစ်မီးများရရှိရေး ကြိုးပမ်းပေးနိုင်ခဲ့သည်။ ပြည်နယ်၏ မြို့တော် စစ်တွေ၏ ပွိုင့်ကမ်းခြေကို နိုင်ငံတကာအဆင့်မီ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့သလို မြို့တော်၏ လမ်းမများကို နိုင်လွန်ကတ္တရာအဆင့်၊ ကွန်ကရစ်လမ်းမများအဆင့် ဖောက်လုပ်ပေးခဲ့သည်။ ရခိုင်အမျိုးသားတို့၏ စိတ်နေသဘောထားကို ကောင်းစွာ နားလည်သဘောပေါက်သူ တစ်ဦးဖြစ်ကာ မီဒီယာများနှင့် အထူးထိတွေ့ဆက်ဆုံနိုင်သော ပြည်နယ်၏ ပထမဦးဆုံးသော အစိုးရအဖွဲ့ဝင် တစ်ဦးဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများ၊ ရခိုင်နိုင်ငံရေးလေ့လာသူများ၏ သဘောကျနှစ်သက်ခြင်းကို ခံခဲ့ရသော ပြည်နယ် ခေါင်းဆောင်တစ်ဦးဖြစ်သည်။
ယင်းနောက် ၂၀၁၅ ခုနှစ် သြဂုတ်လတွင် ဗိုလ်ချုပ်ရာထူးနှင့် ပြည်နယ်ဝန်ကြီးချုပ် ရာထူးတို့မှ တပြိုင်နက်တည်း အငြိမ်းစားယူခဲ့ပြီး နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ - အမ်းမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး ပြည်နယ်၏ ၀န်ကြီးချူပ်အဖြစ် ထပ်မံတာဝန်ယူလာနိုင်ဖွယ်ရှိသူများ စာရင်းတွင် ရေပန်းစားခဲ့သော်လည်း သာမာန် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအဖြစ်သာ ပြည်နယ်၏ လိုအပ်ချက်များကို ဆောင်ရွက် သွားမည်ဟု ပြတ်သားစွာ ကြေညာခဲ့သည်။

မေလ ၉ ရက်နေ့တွင် ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တိုင်းရင်းသားလူမျိုးများ လေ့လာရေးကော်မတီ ဥက္ကဌအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။
ဦးမောင်မောင်အုန်းကို ရခိုင်ပြည်နယ်၏ လတ်တလော အခြေအနေများနှင့် ပတ်သက်၍ RiA – Root Investigative Agency မှ ယခုလို တွေ့ဆုံမေးမြန်းခဲ့သည်။

RiA: ရခိုင်ပြည်နယ်မှာ ၀န်ကြီးချူပ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဆိုတော့ အတွေ့အကြုံအရဆိုရင် လက်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စိန်ခေါ်မှုတွေက ဘာတွေလို့ မြင်ပါသလဲ ခင်ဗျား။

MMO:  စိန်ခေါ်မှုတွေက ခု အနေအထားအရ ဆိုရင် အများကြီးလိုပဲ ပြောရမှာပေါ့နော်၊ အပြောင်းအလဲ ဆိုတော့ ဒီလိုပါပဲ ၊ အသစ်နဲ့ အဟောင်းထဲမှာ ကွာခြားမှုတွေက ရှိကြတာပေါ့။ မူဝါဒပိုင်း ဆိုင်ရာ အကုန်လုံးပေါ့။ သို့သော်လည်း ဒီနေ့ အပြောင်းလဲချိန်မှာ ထူးခြား တာကတော့ AA ကိစ္စတစ်ခု၊ နောက်တစ်ခါ ဒီဘင်္ဂလီများနဲ့ပတ်သတ်ပြီး တိုင်းရင်းသားတွေကလည်း ခံစားနေကြရတယ်။ မနေ့ကလည်း အစည်းဝေး လုပ်တယ်လို့လည်း သိရတယ်။ ဆိုတော့ ဒါတွေဟာ အပြောင်းလဲကြောင့်မိုလို့ အပြောင်းအလဲကို စတင်လုပ်တဲ့အခါ  ဒီလိုတော့ ရှိကြတာပါပဲ။ အဲဒီမှာမှ တစ်ပူပေါ် နှစ်ပူဆင့် ဆိုသလိုမျိုး ဖြစ်ကြတာပေါ့။ ဒါကြောင့် ခုချိန်ကတော့ ပွင့်လင်းမြင်သာမှုတွေ၊ ယုံကြည်မှုတွေ၊ အများကြီး လိုအပ်တည်လို့ ထင်ပါတယ်။ ခုနကလည်း ဝန်ကြီးချုပ်နဲ့တော့ ပြောလိုက်ပါတယ်။ ခုဖြစ်နေတဲ့ ပြသနာတွေကို ဆွေးနွေးချင်တဲ့အတွက် ကိုယ်ကလည်း ဝန်ကြီးချုပ်ဟောင်း တစ်ယောက်အနေနဲ့ ပြည်နယ်အတွက်  ကိုယ်ရဲ့ ရခိုင်တိုင်းရင်းသားများ အတွက် လက်ရှိ အစိုးရကို ကောင်းမွန်သော အကြံပြုချက်နဲ့ အတူ တွေ့ဖို့တော့ စီမံထားပါတယ်။ ဒါ ဝန်ကြီးချုပ်နဲ့ တွေ့လို့ရှိရင် ကိုယ်တို့ ကာလ အတွေ့အကြုံတွေရယ်၊ ဖြစ်ပေါ်နေတာတွေကို သုံးသပ်ပြီးမှာ ကိုယ်ကတော့ အကြံပြုမှာပါ။ လုပ်ခြင်း မလုပ်ခြင်းကတော့ လက်ရှိ ပြည်နယ်အစိုးရရဲ့ သဘောထားပေါ့နော်။ ကိုယ်ကတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ သူတို့ တောင်းခံတဲ့ အကြံပြုချက်ကို  အဖြူရောင် သက်သက်ပေါ့နော်။ တည်ငြိမ်မှုရအောင် ဝန်ကြီးချုပ်နဲ့ တွေ့တဲ့အခါ ပြောမယ်လို့ ဒီလိုပဲ ပြောပါရစေ။

RiA: ယခုကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာရော အဆိုတင်သွင်းမဲ့ အစီစဉ်တွေ ရှိပါသလား။ဘယ်အကြောင်းရာတွေနဲ့ ပတ်သက်ပြီးတော့များလဲ ခင်ဗျား။

MMO:  ဒီတစ်ခေါက် လွှတ်တော်ကတော့ ဒုတိယအကြိမ် ပထမ အစည်းဝေးပေါ့နော်။ ဒီတစ်ခေါက် လွှတ်တော်အစည်းဝေးကတော့ လွှတ်တော်ကော်မတီနဲ့ အဖွဲ့အစည်းတွေ ဖွဲ့စည်းတဲ့ အထူးအစည်းဝေးပါပဲ။ ပြီးခဲ့တဲ့ အစည်းဝေးတုန်းက မဖွဲ့ခဲ့လို့ပေါ့။ ဆိုတော့ ဒီအစည်းဝေးမှာတော့ မြို့နယ်နဲ့ ပါတ်သက်တဲ့ အဆိုတွေ နည်းအုံးမယ် ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ခုမှ ကော်မတီ ဖွဲ့စည်းတာဆိုတော့ ကော်မတီအလိုက် မြို့နယ်တွေကို စီစစ်ရမှာ တစ်ပိုင်းရယ်၊ ခုမှပဲ ကိုယ်တို့ ၂၀၁၆ ၁၇ ဘဏ္ဏာနှစ်ရဲ့ စီမံကိန်း စာအုပ်တွေလည်း ရတာဆိုတော့ ဒါတွေပေါ်မှာ မူတည်ပြီးမှ ကိုယ်ရဲ့ မြို့နယ်နဲ့ ပြန်လည်တိုင်ပင်ပြီးမှ အဆိုတင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကတော့ ဒီတစ်ပါတ်တော့ အဆိုတင်သွင်းဖို့ မရှိသေးပါဘူး။

RiA: ဟုတ်ကဲ့ ခင်ဗျား။ မဲဆန္ဒရှင်တွေနဲ့ တိုင်ပင်ပြီးမှ အဆိုတင်သွားမှာ ဆိုတော့ မြေပြင်အခြေအနေတွေရဲ့ ပကတိလိုအပ်ချက်တွေကို ကိုယ်တိုင်သွားရောက်ပြီးမှ လေ့လာမယ်ဆိုတဲ့ သဘောများလား ခင်ဗျား။

MMO:  ဟုတ်ကဲ့။ ဒီက လွှတ်တော်ပြီးတဲ့အခါ ကိုယ်ရဲ့နယ်မြေဖြစ်တဲ့ အမ်းကို ညအိပ် ခရီးသွားပါမယ်။ ဝေးလံတဲ့ ကျေးရွာတွေအထိ သွားပါမယ်။ လွှတ်တော်ကလည်း တိုင်းရင်းသားလူမျိးများ လေ့လာရေးကော်မတီ ဥက္ကဌ တာဝန်ပေးထားတော့ ဒီတာဝန်တွေနဲ့ အတူ ကိုယ့် အမ်းမြို့နယ်ရဲ့ ရပိုင်ခွင့်တွေကို လူထုနဲ့ တိုင်ပင်ပြီးမှ နောက်တစ်ကြိမ် အစည်းဝေးကျမှ အမ်းမြို့နယ်ရဲ့ ပြည်သူလူထု လိုအပ်ချက်နဲ့ အညီ အဆိုတင်သွင်းဖို့ရှိပါတယ်။ ပြီးတော့ ကိုယ်တို့ တိုင်းရင်းသားလူမျိုးများ လေ့လာရေး ကော်မတီက လွှတ်တော်မှာ  တိုင်းရင်းသားတွေ လိုအပ်တဲ့အရာတွေကို ဘယ်လိုဖြည့်ပေးရင် ရမှာလဲဆိုပြီး လွှတ်တော်မှာ ဆွေးနွေးဖို့ရှိပါတယ်။

RiA: ဦးမောင်မောင်အုန်းက တိုင်းရင်းသားရေးရာလေ့လာရေး ကော်မတီထဲမှာ ပါဝင်တယ်ဆိုတော့ ရခိုင်ပြည်နယ်မှာ တိုင်းရင်းသား ဖြစ်ပြီး တိုင်းရင်းသားအခွင့်ရေးတွေ ဆုံးရှုံးနေတဲ့ ကမန်လူမျိုးတွေ အတွက်ရော ဘယ်လိုစိတ်ကူးတွေများ ရှိပါလဲ။

MMO:  အင် ဒီလိုပေါ့လေ။ ကိုယ်တို့က တိုင်းရင်းသားအခွင့်ရေး ရေးရာကော်မတီဆိုတော့ ရခိုင်တိုင်းရင်းသား လူမျိုးစုကြီး အပါအဝင် ကျန်တဲ့ တိုင်းရင်းသား လူမျိုးစုငယ်တွေလည်း ပါဝင်တာပေါ့နော်။ ပါတယ်ဆိုတော့ သူတို့ရဲ့တင်ပြချက်တွေကိုလည်း ကိုယ်တို့ ဥပဒေဘောင် အတွင်းက  နစ်နာမှုတွေ၊ ရပိုင်ခွင့်တွေကို တောင်းဆိုရမှာပေါ့။ ကမန်တိုင်းရင်းသားများနဲ့ ပတ်သက်လို့လည်း ကမန် တိုင်းရင်းသားများဟာ ၁၃၅ မျိးပေါ့နော်၊ ဒို့တိုင်းရင်းသားထဲမှာ ပါဝင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ယနေ့ သူတို့ဟာ IDP ထဲ သွားနေရတာတွေ ရှိနေတယ်။ ဒါလည်း ကိုယ်တို့က ကမန်တိုင်းရင်းသားနဲ့ သော်လည်းကောင်း၊ ကိုယ်တို့ ရခိုင်တိုင်းရင်းသားတွေနဲ့ သော်လည်းကောင်း ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေထားကို လွှတ်တော်ထဲကနေပြီးတော့ သွားဖို့တော့ အစီအမံရှိမယ်လို့ထင်ပါတယ်။ ဒီကိစ္စကတော့ ဆွေးနွေးတိုင်ပင်ရမယ့် ကိစ္စတွေရှိတာပေါ့လေ။ တိုင်းရင်းသား မှန်သော်ငြားလည်း ယနေ့ ဖြစ်ပေါ်နေတဲ့ အရေးခင်းမှာ သူကလည်း ပါဝင်ပတ်သက်၊ ရူပ်ထွေးပြီးတော့ ကြားညှပ်နေတယ်ဆိုတော့ ကြားညပ်နေတဲ့ အခါကျတော့ ဒါကလည်း ဆွေးနွေးတိုင်ပင်ပြီးတော့မှ၊ ရသင့်ရထိုက်တဲ့ ပေးသင့်ပေးထိုက်တဲ့၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာကိုတော့ ကိုယ်တို့ကလည်း အပြန်အလှန် ဆွေးနွေးပြီးတော့မှ ဆောင်ရွက်သွားကြရမှာပါ။ ဆောင်ရွက်ဖို့လည်း ခေါင်းထဲမှာ ရှိတယ်လို့လည်း ပြောချင်ပါတယ်။

RiA: လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ စစ်ဘေး ဒုက္ခသည်တွေ အတွက်ရော ဘာတွေ ဆောင်ရွက်ဖို့ စိတ်ကူးရှိပါလဲ။

MMO: ပြောရမယ်ဆိုရင် စိတ်မကောင်းပါဘူး။ ကိုယ် ဝမ်းနည်းပါတယ်။ ယခင်အတွေ့အကြုံတွေ ဖြစ်ခဲ့တာပေါ့နော်။ ကိုယ် အမြဲတမ်း ပြောခဲ့တဲ့ လောက်ကိုင်ဒေသနဲ့ နမူနာပေါ့နော်။ လောက်ကိုင်ဒေသတည်ငြိမ်အောင်၊ တိုးတက်မှု ရှိအောင် အများကြီး လုပ်ခဲ့ရပေမယ့် ပျက်စီးမှုကတော့ တစ်ပတ်အတွင်းမှာ လောက်ကိုင်ဒေသကြီးဟာ စစ်တလင်း ဖြစ်ခဲ့ရပါတယ်။ အဲဒီတော့ စစ်ဆိုတဲ့ အနိဌာအာရုံကတော့ ပြည်သူတွေ မျက်ရည်ကျရတယ်။ ခုလည်း ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူတွေ မျက်ရည်ကျတဲ့အတွက် ကိုယ်စိတ်မကောင်းပါဘူး၊ ဒီအတွက် ကိုယ်လည်း ဝန်ကြီးချုပ်ဟောင်း တစ်ဦးအနေနဲ့ စိတ်ထဲမှာ ခံစားရပါတယ်။ ပြီးတော့ သူတို့ကို ဘယ်လို အကူညီပေးရမှာလဲ ဆိုတာကိုလည်း ကိုယ် အတတ်နိုင်ဆုံး အစိုးရကို အတတ်နိုင်ဆုံး တိုက်တွန်းကြည့်ပါဦးမယ်။ ပြီးရင် ပြောရရင်လည်း အစိုးရဆိုတာက တစ်နိုင်ငံလုံး ဘားဂျတ်နဲ့ တချို့ဟာတွေကျရင် ကိုယ်တို့အတွက်ပဲ ကြည့်လို့မရဘူး။ ကိုယ်ကတော့ ကိုယ်လက်ကိုယ်ခြေနဲ့ ကိုယ်ပြည်နယ် အတွင်းမှာ အလှူရှင်တွေ ရှိရင်ရှိမယ်။ တခြားနည်းလမ်းတွေနဲ့ကတော့ ကိုယ့်တိုင်းရင်းသားတွေကို နိုင်သလောက်လုပ်ပေးဖို့တော့ လိုတာပေါ့၊ ဒါလည်း နေ့လည်ကျရင် ဝန်ကြီးချုပ်ကိုတော့ တင်ပြဆွေးနွေးမယ်လို့လည်း စိတ်ကူးရှိပါတယ်။
ကိုယ်လည်း ဒီက ကားနဲ့ပြန်ရင်တော့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမှာတွေ့မယ်။ ပြီးရင် မြို့မိမြို့ဖတွေနဲ့ တွေ့မယ် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ သော်လည်းကောင်း၊ တိုင်းရင်းသားအခွင့်ရေး ရေးရာကော်မတီအနေနဲ့ သော်လည်းကောင်း သူတို့ကို ကိုယ်ရဲ့စောင့်မခြင်း၊ နုတ်ရဲ့ စောင်မခြင်းပေါ့။ တခြားဘာများ လုပ်ပေးနိုင်မှာလဲ။ တခြား ကိုယ့်မှာ ကိုယ်ပိုင်ငွေလေးတော့ နည်းနည်းလေး ရှိတောပေါ့၊ သိပ် လိုအပ်လာရင်လည်း နိုင်သလာက် လှူဒါန်းသွားမှာပေါ့။ ဒါကတော့လည်း မဖြစ်စလာက်ပါ။ စစ်ဘေးဒုက္ခသည်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကိုတော့ အစိုးရကပဲ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ပြည်နယ် ဝန်ကြီးချုပ်ကို ဒါတွေလည်း ပြောဖြစ်မှာပါ။

RiA: ဟုတ်ကဲ့။ ၀န်ကြီးချူပ်ဟောင်း တစ်ဦးအနေနဲ့ရော၊ လက်ရှိ တိုင်းရင်းသားလူမျိုးများလေ့လာရေး ကော်မတီ ဥက္ကဌ အနေနဲ့ရော ရခိုင်ပြည်နယ်ရဲ့ လတ်တလောပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်သူတွေကို ဘာများ အကြံပြု ပြောကြားလိုပါသလဲ။

MMO: ရခိုင်ပြည်နယ်ရဲ့ လက်ရှိအနေထားကတော့  ဘယ်လို ပြောမလဲ ဆိုတော့ ဆုတ်ယုတ်မှုတွေ နည်းနည်းမြင်နေရတယ်။ ကိုယ် ဝန်ကြီးချုပ် မဖြစ်ခင်တုန်းက ဦးလှမောင်တင် လက်ထက်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေ ရှိပါတယ်။ အဲဒီတုန်းက ခံစားနေရတဲ့ ရခိုင် တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှု၊ ကြောက်ရွံ့မှု အနေထားလေးတွေဟာ အခု နည်းနည်းပြန်တွေ့ရတယ်။ ဆိုတော့ စိတ်မကောင်းဘူး။ ဒါမျိုးတွေ များလာတာနဲ့ အမျှ အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ထွင်းရမယ်။ အမှိုက်က စ ပြဿဒ် မီးလောင် ဖြစ်တတ်တယ်။ ဒါကြောင့်မိုလို့ ကိုယ်ကတော့  မိဘပြည်သူများကော၊ အားလုံးသော တာဝန်ရှိ ပုဂ္ဂိုလ်များရော မေတ္တာရပ်ခံချင်တာက  ရခိုင်ပြည်နယ်ရဲ့ အနာဂတ်အရေး၊ တိုင်းရင်းသားအရေး အားလုံးကို ရှေးရှုပြီးမှ အားလုံးစဉ်စား ချင့်ချိန်သုံးသပ်ပြီးမှသာ ဆွေးနွေးမှုနဲ့သာ အရာရာကို ဖြေရှင်းစေချင်ပါတယ်။ ထိပ်တိုက်ရင်ဆိုင်ခြင်း လမ်းကိုသွားမယ်၊ လက်နက်နဲ့ ထပ်တိုက်ရင်ဆိုင်သွားမယ် ဆိုရင်လည်း နစ်နာတာကတော့ ပြည်သူတွေပါပဲ။ ဒါကြောင့် ကိုယ်ကတော့ ပြည်သူတွေရဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့အတွက် ဒါတွေကို အရှည်ကို ကြည့်ပြီးတော့မှ အတတ်နိုင်ဆုံး ပြည်သူတွေ မနစ်နာအောင်၊ မိမိရဲ့ရည်မှန်းချက်တွေလည်း ရောက်ကြအောင်တော့ ခုနကလို စဉ်စားသုံးသပ် ဝေဖန်ပြောဆို၊ စေ့စပ်ဆွေးနွေး ညိုနှိုင်းခြင်းနဲ့ပဲ သွားသင့်တယ်လို့ ထင်တယ်။ အဲလို မသွားဘဲနဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းလမ်းကိုသာ ဆက်သွားမယ် ဆိုရင်တော့ ရခိုင်ပြည်နယ်ရဲ့ အနာဂါတ်ဟာ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်ထွေးစရာတွေနဲ့ ဒေါသ လောဘ မောဟတွေ ဖုံးလွှမ်းပြီးတော့မှ အနာဂါတ်မှာ တိုးတက်မှုတွေ ဆုတ်ယုတ်နိုင်တဲ့အတွက်  အခုတည်ငြိမ်ပြီးသား တိုးတက်မှု အဆင့်တစ်ခုရပြီးသား  အနေထားကိုတော့ ကိုယ်က ပြန်မကျစေချင်ပါဘူးနော်၊ မတက်ရင်တောင်မှ ဒီအတိုင်းပဲ ရပ်နေရင်ရပြီ။ ဒါကို အချိန်နဲ့ တဖြည်းဖြည်း တက်သွားအောင် လုပ်မယ်။ ဒါကို အားလုံး ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေအားလုံးကို  တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များအပြင် အားလုံးကို မေတ္တာရပ်ခံချင်တာက ပြည်သူပြည်သား အားလုံးကလည်း ချင့်ချိန်ပြီးတော့မှ ဆွေးနွေးပြီးတော့မှ ဝိုင်းဝန်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါလို့ ဒီလိုပဲ ပြောချင်ပါတယ်။

RiA: ဟုတ်ကဲ့ ဦးမောင်မောင်အုန်း ခင်ဗျား။ ၀န်ကြီးချူပ်ဟောင်းတစ်ဦးအနေနဲ့ရော ၊ လက်ရှိ ကော်မတီတစ်ခုရဲ့ ဥက္ကဌအနေနဲ့ရော ရခိုင်ပြည်နယ်အတွက် ပကတိလိုအပ်ချက်တွေကို ဝေဖန်အကြံပြုပြောကြားခဲ့အတွက် RIA က ပြည်သူတွေ ကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျား။

MMO: ဟုတ်ကဲ့။

--
မိုးအောင် သည် Root Investigative Agency ၏ သတင်းထောက်တစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်၏ မတူညီသော လူမှုအဖွဲ့အစည်းများ၏ ပဋိပက္ခဆိုင်ရာ အထူးပြုရေးသားနေသူတစ်ဦးဖြစ်သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top