Tuesday, April 26, 2016

ရခိုင်ဒေသတွင် သဘာဝဓာတ်ငွေ့များ ထပ်မံတွေ့ရှိမှုက မြန်မာ့စွမ်းအင်ကို တိုးတက်စေသည်ဟု ဆို

ကိုဇိုင်း/RiA ၊ ဧပြီ ၂၆ ရက်

သြစတြေးလျရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီ တစ်ခုဖြစ်တဲ့  Woodside Energy က ယခုနှစ် အစောပိုင်းမှာ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းများတွင် အမြတ်ငွေ ကြီးမားစွာကျဆင်းသည့်တိုင် ရခိုင်ဒေသမှာ သဘာဝဓာတ်ငွေ့တွေ တွေ့ရှိမှုက မြန်မာစွမ်းအင်ကို တိုးတက်လာမှာကို
ယုံကြည်ကြောင်း ဧပြီ ၂၁ ရက်နေ့က ကုမ္ပဏီရဲ့ နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် ဥက္ကဋ္ဌက ပြောကြားခဲ့တယ်လို့ မြန်မာအခြေစိုက်ထုတ်ဝေနေတဲ့ နိုင်ငံခြားသတင်းဂျာနယ် Frontier Myanmar ရဲ့ ဖော်ပြမှုအရ သိရှိရပါတယ်။

Woodside Energy ရဲ့ ရုံးခွဲ တစ်ခုဖြစ်တဲ့ Woodside Myanmar ဟာ လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်၏ ကမ်းရိုးတန်းအလွန် ရေနံနှင့် သဘာဝဓါတ်ငွေ့ အကွက်ခြောက်ခုတွင် ရှာဖွေတူးဖော်ရေး ဖက်စပ် လုပ်ငန်းများတွင် ပါဝင်လျက်ရှိပြီး ယင်းနေရာများတွင် ဇန်နဝါရီကတည်းက သဘာဝဓါတ်ငွေ့သိုက် နှစ်ခုကို တွေ့ရှိထားတယ်လို့လည်း ရေးသားဖော်ပြ ထားပါတယ်။

“မြန်မာနိုင်ငံမှာ မကြာသေးခင်က ကျွန်တော်တို့ရဲ့ တူးဖော်တွေ့ရှိခဲ့တဲ့ အောင်မြင်မှုအတွက် အထူးအားရ ကျေနပ်မိပါတယ်။ လွန်ခဲ့တဲ့ ခြောက်လအတွင်း သဘာဓါတ်ငွေ့ တွေ့ရှိမှု နှစ်ခုကို ကျွန်တော်တို့ ကြေညာထားပါတယ်” ဟု Woodside ဥက္ကဋ္ဌ မိုက်ကယ်ချာနီးက သြစတြေးလျနိုင်ငံ ပါ့သ်မြို့တွင် ပြုလုပခဲ့တဲ့  အဆိုပါ အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့လည်း သိရှိရပါတယ်။

Woodside ဥက္ကဋ္ဌ မိုက်ကယ်ချာနီးက “ကျောချင်းကပ်တွေ့ရှိမှုတွေက ရခိုင်ချိုင့်ဝှမ်းရဲ့ မျက်နှာချင်းဆိုင် အစွန်းဘက်တွေမှာ ရှိပါတယ်။ အနီးက အခြေခံအဆောက်အအုံတွေရဲ့ အနားမှာ ရှိနေတာရယ်၊ မြန်မာနိုင်ငံက အားကောင်းတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေကြောင့် စီးပွားဖြစ် လုပ်ဆောင်နိုင်ခြေဟာ မြင့်မားလာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ကြောင်း အဆိုပါ သတင်းဂျာနယ်က ရေးသားဖော်ပြပါတယ်။

လက်ရှိအခြေနေမှာ အကွက်အမှတ် A-6 ပထမဆုံးတွေ့ရှိခဲ့ပြီး ယင်းသို့တွေ့ရှိမှုကို ဇန်န၀ါရီအစောပိုင်းက ကြေညာခဲ့ပါတယ်။

ယင်းနေရာတွင် Woodside သည် တူးဖော်ခွင့်လိုင်စင်တစ်ခုရရှိထားပြီး Myanmar Petroleum Resources Ltd နှင့် တူညီသော အကျိုးတူ မိတ်ဖက်အနေဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်။

ဒုတိယမြောက်အဖြစ် ဖေဖော်ဝါရီ ၂၂ ရက်က AD-7 အကွက်တွင် တွေ့ရှိခဲ့ပြီး ယင်းနေရာတွင် Woodside က ၄၀ ရာခိုင်နှုန်းရှယ်ယာပိုင်ဆိုင်ပြီး အများစုကို Daewoo International ကပိုင်တယ်လို့လည်း Frontier Myanmar က ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ သဘာဝသယံဇာတများ တွေ့ရှိတူးဖော်မှုတွေ ပြုလုပ်နေပေမယ့် အဲဒီကနေ ရရှိတဲ့ အကျိုးအမြတ်တွေကို ရခိုင်ပြည်နယ်က ခွဲဝေခံစားခွင့် မရရှိတဲ့အတွက် ရခိုင်ပြည်နယ် သဘာသယံဇာတများဆိုင်ရာ ကွန်ရက်က ရခိုင်ပြည်နယ်အ၀ှမ်း လူထုလက်မှတ်ကောက်ခံမှုတွေကို ပြုလုပ်နေပြီး သယံဇာတ အကျိုးအမြတ်ခွဲဝေခွင့်အတွက် အစိုးရသစ်ကို တောင်းဆိုသွားမယ့် လှုပ်ရှားမှုကို ဧပြီလကနေ စတင်ကာ ဆောင်ရွက်နေကြောင်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top