Tuesday, April 19, 2016

စစ်တွေတွင် စက်လှေနစ်မြုပ် ၁၈ ဦးသေဆုံး၊ ၁၂ ဦး ပျောက်ဆုံးနေ

ကိုဇိုင်း/RiA ၊  ဧပြီ ၁၉ ရက်

ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က စစ်တွေမြို့နယ်၊ သဲချောင်း ချောင်းဝအနီးတွင် စက်လှေတစ်စီးနစ်မြုပ်ခဲ့ပြီး လိုက်ပါလာသူ ၄၉ ဦးတွင် ၁၈ ဦးသေဆုံးပြီး၊ ၁၂ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။


အဆိုပါ နစ်မြုပ်ခဲ့သည့် စက်လှေမှာ ပေါက်တောမြို့နယ် ဆင်တက်မော် ဒုက္ခသည်စခန်းမှ စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းအနီးဖွင့်လှစ်ထားသော သဲချောင်းဈေးသို့ ဈေးဝယ်ရန် ထွက်ခွာလာသော စက်လှေဖြစ်ကြောင်း သိရသည်။

စက်လှေပေါ်တွင် လိုက်ပါလာသူများမှာ ပေါက်တောမြို့နယ်၊ ဆင်တက်မော် ဒုက္ခသည်စခန်းတွင် နေထိုင်သူများဖြစ်ပြီး ၎င်းတို့မှာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ဆူပူမှုဖြစ်စဉ်က ကျောက်ဖြူမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည့် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြောင်း သိရသည်။

“ သူတို့တွေဟာ စစ်တွေဘက်ဆီကို ဆေးကုသဖို့၊ ဈေးဝယ်ထွက်ဖို့လာကြာတာပါ။ စက်လှေ ဝင်ရမယ့် လမ်းကြောင်းကလည်း ငါးဖမ်းစက်လှေတွေသာ ဆိုက်ကပ်တဲ့ လမ်းကြောင်းပါ။ အကယ်၍ မြို့ထဲကနေသာ စက်လှေ ဆိုက်ကပ်ခွင့်ရမယ်ဆိုရင် ဒီလို တိမ်းမှောက်စရာ မရှိပါဘူး၊ လှေပေါ်မှာတော့ ကလေးငယ်တွေနဲ့ လူကြီးမိန်းမတွေပါပါကြတယ်။ လှေနှစ်မြုပ်ပြီး သေဆုံးတဲ့ သူတွေရဲ့ မိသားစုဝင်တစ်ချို့ကိုတော့ အစိုးရရဲ့ အစီစဉ်နဲ့ ဒီကိုခေါ်လာပြီးပါပြီ။" ဟု ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် ဖမ်းဆီးထောင်ချခံခဲ့ရသူ ဦးကျော်လှအောင်က ပြောသည်။

ညနေ ၆ နာရီအချိန်ထိ ကယ်ဆယ်ရရှိပြီး အသက်ရှင်သူ ၁၉ ဦး မှ ဒဏ်ရာရရှိထားသူများကို စစ်တွေပြည်သူ့ဆေးရုံနှင့် သက္ကေပြင်ဆေးရုံများသို့ ပို့ဆောင်ထားကြောင်း စစ်တွေမြို့မရဲစခန်းက အတည်ပြု ပြောကြားသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top