ကိုဇိုင်း/RiA ၊ ဧပြီ ၂၀ ရက်
ရခိုင်ကမ်းရိုးတန်းလုပ်ကွက်တစ်ခုဖြစ်တဲ့ Block A5 လုပ်ကွက်ကို မြန်မာအစိုးရပိုင် MOGE ( မြန်မာရေနဲ့ သဘာဝဓါတ်ငွေ့) လုပ်ငန်းနဲ့ ဖက်စပ်ဝယ်ယူခဲ့တဲ့ အမေရိကန်ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Chevorn က မြန်မာနိုင်ငံမှာ ရှိတဲ့ သဘာဝဓါတ်ငွေ့ရှာဖွေရေး လုပ်ကွက်တွေကို ရောင်းချသွားမှာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
နိုင်ငံတကာ ရေနံဈေးနှုန်းတွေ ထိုးကျခဲ့တဲ့အတွက် ၂၀၁၅ ခုနှစ်မှာ Chevron ရဲ့ဝင်ငွေဟာ (၄.၆) ဘီလီယံရှိပြီး ၂၀၁၄ခုနှစ်မှာ (၁၉.၂) ဘီလီယံရှိခဲ့တာဖြစ်ပါတယ်။ အခုလိုငွေကြေးအရှုံးပေါ်မှုကို ထိန်းနိုင်ဖို့ Chevron ရဲ့ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် အခုလိုမြန်မာဓါတ်ငွေ့ ဖက်စပ် လုပ်ကိုင်မှုကို ရောင်းချဖို့ ကြေညာခဲ့တာလို့ လည်းရေးသားထားပါတယ်။
အရောင်းအဝယ် လုပ်ဆောင်မှုကို အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ်တခုက တဆင့် ပြုလုပ်နေဆဲဖြစ်တဲ့ အတွက်ကြောင့် လူသိထင်ရှား ထုတ်ဖေါ် ပြောကြားခြင်း မရှိသလို နှစ် (၂၀) ကြာမြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ Chevron ကလည်း ဒီအကြောင်းနဲ့ပတ်သက်လို့ ဘာမှထုတ်ပြန်ခြင်းမရှိသေးလို့လည်း သိရှိရပါတယ်။
Chevron ဘက်ကအခုလိုရောင်းချတာကို ၀ယ်ယူမယ့် ကုမ္ပဏီပေါင်း ခြောက်ခုလောက် ရှိနိုင်ပြီး သြစတြေးလျရဲ့ Woodside ရေနံကုမ္ပဏီ၊ ထိုင်းရဲ့ PTTE ကုမ္ပဏီ၊ ဂျပန်ကုမ္ပဏီတွေနဲ့ တရုတ်ကုမ္ပဏီတွေ ပါဝင်နိုင်တယ်လို့လည်း သိရပါတယ်။
Chevron ဟာမုတ္တမပင်လယ်မှာ ပြင်သစ်ပိုင် Total ရေနံကုမ္ပဏီက ဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ ရတနာနဲ့ စိန်သဘာဝ ဓါတ်ငွေ့လုပ်ငန်းတွေမှာ အစုရှယ်ယာ၂၈.၃% ပိုင်ဆိုင်တာဖြစ်ပါတယ်။

0 comments:
Post a Comment