Tuesday, April 19, 2016

လျှပ်စစ်မီးရရှိသော်လည်း ရခိုင်ပြည်နယ်အတွင်း စီးပွားဖြစ် ထင်းခုတ်သူများ တွက်ခြေကိုက်နေ

မင်းမျိုးနွယ်/RiA ၊ ဧပြီ ၁၉ ရက်
 
ရခိုင်ပြည်နယ်သည် လျှပ်စစ်မီးမရှိသည့် ဒေသတစ်ခုဖြစ်သည့်အတွက် ထင်းမီးကိုသာ အဓိက သုံးစွဲခဲ့ကြရပြီး ၂၀၁၄ ခုနှစ်မှ စတင်ကာ လျှပ်စစ်မီးကို ရခိုင်တပြည်နယ်လုံး ရရှိစေရေးအတွက် မဟာဓါတ်အားလိုင်းမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးထားသော်လည်း လက်ရှိအချိန်တွင် ထင်းလိုအပ်ချက်များမှာ အများအပြား ရှိနေသေးသည့်အတွက် စီးပွားဖြစ် ထင်းခုတ်သူများ တွက်ခြေကိုက်နေကြကြောင်း သိရသည်။


ယခင်က ထင်းခုတ်လုပ်ငန်း လုပ်ကိုင်ပြီး ရပ်တည်နေကြသည့် ထင်းအရောင်းအဝယ် လုပ်ကိုင်နေကြသူများမှာ ထင်းအရောင်းအဝယ် လိုက်သော်လည်း ဈေးကောင်း မရရှိသည့်အတွက် တွက်ခြေမကိုက်ဘဲ ရှိနေခဲ့ရာမှ ယခု နောက်ပိုင်းနှစ်များတွင် ထင်းအရောင်းအဝယ် လုပ်ကိုင်သူများလည်း နည်းပါးလာခြင်း၊ ထင်းများ ရှားပါးလာနေခြင်းတို့ကြောင့် ထင်းခုတ် လုပ်ငန်းလုပ်ကိုင်သူများမှာ ယခင်ထက် တွက်ခြေကိုက်နေကြောင်း သိရသည်။

“ထင်းလုပ်ငန်းက လောလောဆယ်မှာတော့ တွက်ခြေကိုက်တယ် လို့ ပြောရမှာပေါ့။ နောက်ပိုင်းတော့ ပြော လို့မရဘူး။ အရင်နှစ်တွေကနဲ့စာရင် တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာတဲ့ သဘောရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ထင်းအဝယ်ဒိုင်တွေလည်း နည်းလာတယ်။ ပြီးတော့ ထင်းတွေကလည်း ရှားလာတော့ ထင်းခုတ်တဲ့သူတွေလည်း နည်းသွားတယ်။ အဓိကက တောင်ထင်းတွေ ရှားပါးလာတာနဲ့ ဆိုင်ပါတယ်။ ကျွန်တော်တို့က ပြားထင်းတွေကိုပဲ ခုတ်တာဆိုတော့ ဈေးကောင်းလည်းရတယ်။ သုံးစွဲသူတွေလည်း ကြိုက်ကြတယ်။ အရောင်းအဝယ်လည်းလိုက်တာပေါ့။”ဟု ထင်းခုတ်သမား ဦးမောင်စောသာက ပြောသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုကျော်ခန့်က ရခိုင်ပြည်နယ်အတွင်း ထင်းများအကို အဓိက လောင်စာအဖြစ် သုံးစွဲနေရချိန်တွင် ထင်းများကို အလွယ်တကူထုတ်လုပ် ရောင်းချနိုင်သည့်အတွက် သုံးစွဲသူများအနေဖြင့် ဈေးပေါပေါဖြင့် ဝယ်ယူသုံးစွဲခဲ့ကြရသော်လည်း ယခုနောက်ပိုင်းတွင် သစ်တောများပြုန်းတီးမှု မြင့်မားလာသည့်အတွက်ကြောင့် ကုန်းတွင်းပိုင်းမှ ထွက်ရှိသည့်ထင်းများမှာ လုံးဝမရှိသလောက်ထွက်ရှိမှု နည်းပါးသွားခဲ့ပြီး ဒီရေတောထင်းများကိုသာ အားထားနေကြရကြောင်းသိရသည်။

“ထင်းကိုကျွန်တော်တို့က တောထဲကနေ တစ်ခါတည်း ပိုင်းဖြတ်ပြီးမှ ယူလာတာပါ။ အရှည်တစ်တောင်ရှိတဲ့ ထင်းအတုံးကြီးတွေ မော်တော်တစ်စီးကိုသိန်း၂၀ အထက်မှာရောင်းဈေးရှိပါတယ်။ ဒါကျွန်တော်တို့ အဝယ်ဒိုင်တွေမှာ သွင်းရဈေးပါ။ မော်တော်အကြီးအငယ်အပေါ်မှာ ဈေးကွာဟမှုရှိပါတယ်။ တစ်စီးကို ထင်းတုံးအရေအတွက် အနည်းဆုံး နှစ်သောင်းလောက်ကိုဆံ့ပါတယ်။ ကျွန်တော်တို့ ဒီထင်းတွေကို ရမ်းဗြဲမြို့နယ်က ခုတ်ရပါတယ်။ တခြားနေရာတွေမှာ မရှိတော့ဘူး။ ရှားရှားပါးပါးရှိတာဆိုတော့ တော်တော်လေးကို ကြိုးစားပြီး ရှာခုတ်ရတယ်။ အစိုးရထိန်းသိမ်း တောတွေနဲ့ကျရင်လည်း တရားစွဲခံရမှာကို စိုးရိမ်ရသေးတယ်။”ဟု ဆက်လက်ပြောကြားခဲ့သည်။

ယခင်က ဒီရေတောထွက် ထင်းများအား ရောင်းချရန်အတွက် ခုတ်ယူမှုမှာ အပင်ငယ်များကိုသာ ခုတ်ယူလေ့ရှိကြသော်လည်း ယခုနောက်ပိုင်းတွင် အပင်ငယ်များရှားပါးလာသည့်အတွက် အပင်ကြီးများအား ရှိန်းစက်များဖြင့် ခုတ်လှဲကာ ရောင်းချ လာနေကြသည်ကိုလည်း တွေ့မြင်လာရပြီး ယင်းသို့ ခုတ်ယူမှုကြောင့် တချို့ဒေသများတွင် ဒီရေတောပေါက်ရောက်မှုမှာ အလွန်နည်းပါးသွားပြီ ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ထင်းတွေကို အရင်ကလိုမျိုး သိပ်ပေါပေါ ဝယ်လို့မရတော့ဘူး။ ပြီးတော့ ထင်းခုတ်ရောင်းတဲ့ သူတွေလည်း နည်းလာတော့ ထင်းရောင်းတဲ့ သူတွေကလည်း ဈေးတင်တောင်းတော့ ဈေးကောင်းပေးပြီးဝယ်ရတယ်။ ကျွန်တော်တို့က ဒီထင်းတုံးကြီးတွေကို ခွဲပြီးမှ ရောင်းတာဆိုတော့ အလုပ်သမားခတွေ ဘာတွေလည်း ရှိသေးတာပေါ့။ သိပ်တော့ မကျန်ဘူး။ တောင်ထင်းတွေပေါတုန်းကဆိုရင် အဆင်ပြေတယ်။ အခုက တောင်ထင်းတွေကို ခုတ်တဲ့သူကလည်း အိမ်သုံးထင်းလောက်ကို ပဲခုတ်ကြတယ်။ စီးပွားဖြစ် မခုတ်ကြတော့ဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီထင်းတွေလောက် ခုတ်ရတာမလွယ်ကူဘူးလေ။ ဒါကြောင့်မို့ အမြတ်နည်းတော့ထင်းအရောင်းအဝယ်လုပ်သူတွေလည်း နည်းသွားတယ်။”ဟု ထင်းအဝယ်ဒိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီးကို စတင်သုံးစွဲခွင့်ရှိသည့် အချိန်မှ စတင်ကာ ယနေ့အထိ သုံးနှစ်တာကာလအတွင်း မြို့နယ် (၇) ခုတည်းသာရရှိပြီး ကျန်မြို့နယ်များမှာ မရရှိသေးကြောင်း၊ ယင်းအပြင် မဟာဓါတ်အားလိုင်းမှ ဖြန့်ဖြူးပေးလျှက်ရှိသည့်လျှပ်စစ်ဓါတ်အားကိုလည်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာတစ်ချို့တို့တွင်သာ သုံးစွဲခွင့်ရရှိပြီး လျှပ်စစ်ဓါတ်အား သုံးစွဲခွင့်မရရှိသေးသည့် ကျေးရွာများမှာ အများအပြား ကျန်ရှိနေသေးကြောင်း သိရသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top