မင်းမျိုးနွယ်/RiA ၊ ဧပြီ ၂၉ ရက်
ရခိုင်ပြည်နယ် အစိုးရသစ်၏ ပြည်နယ်အတွင်း ဖော်ဆောင် သွားမည့် ရက် ၁၀၀ စီမံချက်နှင့် ပတ်သက်ပြီး ယနေ့ ဧပြီ ၂၉ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
ယင်း စီမံချက်များတွင် အစိုးရသစ် တက်လာစဉ်ကပင် ပြုလုပ်နေသော လုပ်ငန်းများလည်း ပါဝင်ကြောင်းနှင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်ရေးအပြင် ပြန်လည်ထူထောင်ရေးတို့ကို အဓိကထား ရေးဆွဲထားကြောင်း ပြည်နယ်ဝန်ကြီး ဦးညီပုက သတင်းမီဒီယာများကို ပြောကြားခဲ့သည်။
“လူထုတွေအတွက် သိသာမြင်သာတဲ့ လုပ်ငန်းတွေကို အောင်မြင်အောင် လုပ်သွားပါမယ်။ ပြည်ထောင်စုအစိုးရက ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ ကိုက်ညီပြီးတော့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် ပကတိ လိုအပ်နေတဲ့ အခြေအနေအပေါ်မှာလည်းပဲ စဉ်းစားပြီး ရေးဆွဲထားတဲ့မူဝါဒဖြစ်ပါတယ်။”
ယင်းအပြင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်နောက်ဆက်တွဲ စစ်ဘေးရှောင်ဒုက္ခသည်များ၏ ပြန်လည်နေရာချထားရေး အစီအစဉ်များနှင့် ပတ်သက်ပြီး ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဦးထိန်လင်းက ယခုလို ထည့်သွင်း ပြောကြားခဲ့သည်။
“ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်တွေက ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်မြို့နယ်သုံးခုမှာ ရောက်ရှိနေတာတွေရပါတယ်။ အခုရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေဟာ တပ်မတော်က စစ်ဆင်ရေးကိစ္စကို ဆောင်ရွက်နေတဲ့အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် စိုးရွံ့ပြီးတော့ နေရပ်တွေကို စွန့်ခွာလာကြတာဖြစ်ပါတယ်။ သူတို့ မူလအိမ်တွေ၊ ကျေးရွာတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေရှိပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့ အခြေအနေ ကောင်းမွန်သွားတဲ့အခါမှာ မူလနေရာကိုပဲ ချထားပေးရမှာဖြစ်ပါတယ်။"
ရခိုင်ပြည်နယ်သည် ဧပြီလ ၁ ရက်နေ့တွင် အုပ်ချူပ်မှုအာဏာလွှဲပြောင်းလက်ခံခဲ့သော အစိုးရသစ်အဖွဲ့၏ ကျမ်းသစ္စာကျိန်ဆိုချိန်မှစ၍ ပြည်နယ်အတွင်း စစ်ပွဲများ၊ လူထုဆန္ဒဖော်ထုတ်မှုများနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး တောင်းဆိုမှုများ စသည့် စိန်ခေါ်မှုများနှင့် အပြင်းအထန် ရင်ဆိုင်နေရသည်။
0 comments:
Post a Comment