Thursday, April 28, 2016

စက်လှေနစ်မြုပ်ပြီးနောက် ဆိပ်ကမ်းအသစ်တစ်ခု အသုံးပြုခွင့်ပေးရန် ဒုက္ခသည်များတောင်းဆို

ဇောင်းခ/RiA ၊ ဧပြီ ၂၈ ရက်

၂၀၁၆ ခုနှစ်၊ ဧပြီ ၁၉ ရက်နေ့က စစ်တွေမြို့၊ သဲချောင်းဆိပ်ကမ်း အ၀င်ဝတွင် စက်လှေနစ်မြုပ်ပြီး သေဆုံးသူ ၂၃ ဦး အလောင်းကို ရရှိခဲ့ကာ ၆၀ နှင့်အထက် ပျောက်ဆုံးနေဖွယ်ရှိဟု ယူဆရသော ဒုက္ခသည်များ၏ စက်လှေနစ်မြုပ်ခဲ့ပြီးနောက်တွင် ၎င်းဆိပ်ကမ်းကို ထပ်မံ အသုံးမပြုလိုတော့ဘဲ နောက်ထပ် ဆိပ်ကမ်းအသစ်တစ်ခု အသုံးပြုခွင့်ပေးနိုင်ရန် ရခိုင်ပြည်နယ် ၀န်ကြီးချူပ်ကို ဒုက္ခသည်များက တောင်းဆိုလိုက်ကြောင်း သိရသည်။


တောင်းဆိုစာတွင် ပေါက်တောမြို့နယ် ဆင်တက်မော် ဒုက္ခသည်စခန်းနှင့် စစ်တွေမြို့နယ်ရှိ သဲချောင်းဒုက္ခသည် စခန်းများတွင် နေထိုင်ကြသော ကျောက်ဖြူမြို့နယ်မှ ဒုက္ခသည်များသည် ကျန်းမာရေးကိစ္စ၊ သာရေးနာရေးကိစ္စ၊ မိသားစုကိစ္စ၊ ဈေးဝယ်ရေးနှင့် အခြားအရေး ကိစ္စများ ဆောင်ရွက်ရာတွင် ဒုက္ခသည်စခန်းနှစ်ခုအကြား ရေလမ်းကို အသုံးပြု၍ သွားလာရာ၌ သဲချောင်းဆိပ်တစ်ခုတည်းကို အသုံးပြုနေရပြီး ၎င်းဆိပ်ကမ်းမှာ အချိန်ပြည့် လှိုင်းပြင်းထန်နေသဖြင့် အသက်အန္တရာယ်လုံခြုံရေးအတွက် စိုးရိမ်ရသည်ဟု ဧပြီ ၂၇ ရက်နေ့စွဲနှင့် ပြည်နယ်ဝန်ကြီးချူပ်ကို ပေးပို့သော တောင်းဆိုစာတွင် ဖော်ပြပါရှိသည်။

"ကျနော်တို့မှာ အသုံးပြုနေရတဲ့ ဆိပ်ကမ်းက ယခင်က ငါးဖမ်းလှေဆိပ်ဖြစ်တယ်။ ပြီးတော့ အများပြည်သူတွေ ခရီးသွားများအတွက် အဲဒီဆိပ်ကမ်းကို အသုံးမပြုကြပါဘူး။ ဒါပေမယ့် ကျနော်တို့ အသုံးပြုနေကြရပါတယ်။ ဒါဟာ အင်မတန် အန္တရာယ်ရှိပါတယ်။ ဒီအတွက်လည်းပဲ အသက်တွေ ပေးဆပ်ခဲ့ရပြီးပါပြီ။ ထပ်မံ မဖြစ်ပွားစေဖို့ ကျနော်တို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်။" ဟု တောင်းဆိုစာရေးသားပေးပို့ခဲ့သူ စစ်တွေမြို့နယ်ရှိ သဲချောင်းဒုက္ခသည်စခန်းမှ ဦးကျန်ချေက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာဝင် ၁၄၀၀၀၀ ကျော်ခန့် ဒုက္ခသည်အဖြစ် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပြီး ၎င်းတို့၏ လွတ်လပ်စွာ ခရီးသွားလာခွင့်၊ ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးကုသစောင့်ရှောက်ခြင်း များမှာ ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် အကန့်အသတ်သာ ခံစားခွင့်ရရှိခဲ့ကြသည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top