နောင်ခိုင်အောင်/RiA ၊ ဧပြီ ၂၂ ရက်
ရခိုင်ပြည်နယ်တွင် ဧပြီ ၁၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမှုကြောင့် စစ်ဘေးရှောင်အရေအတွက် မြင့်တက်လာပြီး တိုက်ပွဲများကို အမြန်ဆုံး ရပ်တန့်ပေးနိုင်ရန် ယနေ့ ဧပြီ ၂၂ ရက်နေ့က စစ်တွေမြို့တွင် အစည်းအဝေးကြီး တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ဧပြီ ၁၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမှုကြောင့် စစ်ဘေးရှောင်အရေအတွက် မြင့်တက်လာပြီး တိုက်ပွဲများကို အမြန်ဆုံး ရပ်တန့်ပေးနိုင်ရန် ယနေ့ ဧပြီ ၂၂ ရက်နေ့က စစ်တွေမြို့တွင် အစည်းအဝေးကြီး တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးကို စစ်တွေမြို့နယ်ရှိ စစ်ကဲတော်မင်း ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ပြီး၊ စစ်တွေမြို့အခြေစိုက် အရပ်အဖက်အဖွဲ့အစည်းများနှင့် စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြပြီး တိုက်ပွဲများရပ်တန့်နိုင်ဖို့ လာမည့် မေလ ၁ ရက်နေ့တွင် စစ်တွေမြို့၌ လူထုဆန္ဒဖော်ထုတ်မှုတစ်ရပ်ပြုလုပ်ရန်၊ နိုင်ငံတော်သမ္မတံလိပ်မူ၍ တောင်းဆိုစာ တစ်စောင်ပေးပို့ရန်တို့ကို ဆုံးဖြတ်ခဲ့ကြသည်။
ယင်းအပြင် လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများ မြေဇာပင်အဖြစ်ခံနေရသည့်အတွက် အစိုးရစစ်တပ်ကို မထောက်ခံဘဲ ရခိုင်တပ်မတော် AA ကိုအားပေးသည့် သဘောမျိုးမဟုတ်ဘဲ မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေဖို့အတွက် ရည်ရွယ်ပြီး ယခုလို အစည်းအဝေးကြီးကို ခေါ်ယူရခြင်း ဖြစ်ကြောင်းလည်း အစည်းအဝေးဖြစ်မြောက်ရေးကော်မတီဝင်များက ထည့်သွင်းပြောကြားခဲ့သည်။
“ဆန္ဒဖော်ထုတ်ပြလိုက်တာနှင့် ပြီးမသွားပါဘူး။ ကျနော်တို့မှာ အန္တာရာယ်တွေ အများကြီးကြုံနေရပါတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ဘယ်လို့ကူညီကြမလဲ။ အခုလိုဖြစ်လာမှ ကူညီကြမှာလား။ တစ်ခါဖြစ်မှ တစ်ခါလုပ်ကြပြီး နေကြတော့မှာလား။ ဒီလိုမဟုတ်ဘဲ
အမြဲတမ်းညီညီညွတ်ညွတ်ဖြစ်စေချင်ပါတယ်။” အစည်းအဝေးမှာ ဦးဆောင်ဆွေးနွေးသူ ကိုအောင်ဌေးက ပြောသည်။
ရခိုင်လက်နက်ကိုင် AA နှင့် မြန်မာ့တပ်မတော်ကြား ဧပြီလ ၁၇ ရက်နေ့တွင် ပြန်လည်စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့တွင် စစ်ဘေးရှောင်ဒုက္ခသည် အနည်းဆုံး တစ်ထောင်ခန့်ရှိလာပြီး စားနပ်ရိက္ခာနှင့် နေထိုင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

0 comments:
Post a Comment