မင်းမျိုးနွယ်/RiA ၊ ဧပြီ ၂၁ ရက်
ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း (ခ) လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုတွင် မြန်မာနိုင်ငံသား ၂ ဦး သေဒဏ်ချမှတ် ခံထားရသည့် ကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရသစ်အနေနှင့် စိတ်ဝင်စားမှု အားနည်းနေဆဲဖြစ်ကြောင်း ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး AASYC က ဝေဖန် ပြောကြားလိုက်သည်။
မြန်မာလူငယ် ၂ ဦးကို ထိုင်းနိုင်ငံ တောင်ပိုင်း ကော့စမွီတရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ချမှတ်ခဲ့ကာ အမိန့်ချပြီး ရက်ပေါင်း ၁၃၀ ကျော်လာသည် အထိ အယူခံ မ၀င်ရသေးကြောင်းနှင့် နောက်ဆုံး အယူခံဝင်ရမည့် မေလ ၂၃ ရက်နေ့သည် ၎င်းတို့နှစ်ဦးအား အမိန့်ချမှတ်လိုက်ပြီး ၁၆၈ ရက်မြောက်နေ့လည်းဖြစ်ကာ အမှုနှင့်ပါတ်သက်ပြီး အဖြေမှန်ပေါ်ပေါက် လာစေဖို့အတွက် မြန်မာအစိုးရသစ် အနေဖြင့် ထိုင်းအစိုးရအား တစ်စုံတစ်ရာ ဖိအားပေးပြောကြား သင့်ကြောင်းနှင့် ယင်းသို့ မြန်မာအစိုးရအနေဖြင့် စိတ်ဝင်စားမှုကို ပြသင့်ကြောင်း AASYC ပြည်တွင်းဆက်ဆံရေးတာဝန်ခံ ဦးတင်ဦးက ပြောကြားခဲ့သည်။
“ဒီပြဿနာက အရင်အစိုးရ လက်ထက်ကတည်းက ဖြစ်နေခဲ့တာပါ။ ဒီအမှုဟာ မမှန်မကန် လုပ်တယ်ဆိုတာကိုလည်း တစ်နိုင်ငံလုံးက သိကြပါတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ပြောခဲ့တာတွေ ရှိတယ်။ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနှစ်ဦးအတွက် ဥပဒေအရရော ငွေကြေအရပါ အကူအညီပေးသွားမယ်လို့။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကတော့ လိုက်လုပ်ပေးနေတာတွေကို တွေ့ရပါတယ်။ ဒါပေမယ့် အခု အစိုးရသစ်လက်ထက်မှာတော့ တရားဝင်ပြောဆိုတာတွေ မရှိသေးပါဘူး။”
မြန်မာနှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ထိုင်းရှေ့နေများကောင်စီက လျှောက်ထားသော အယူခံကို ထိုင်းတရားရုံးက ဧပြီလ ၁၉ ရက်တွင် လက်ခံခဲ့ပြီး မေလ ၂၃ ရက်၌ အယူခံရက် ကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။
ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့သည် အခင်းမဖြစ်ပွားခင်က ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် အလုပ်လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိန်နိုင်ငံသား စုံတွဲ ဒေးဗစ်မေလာနှင့် ဟန်နာ ဝစ်သာရစ်ဂ်ျတို့ နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယ တရားခံများအဖြစ် စွပ်စွဲဖမ်းဆီးခံခဲ့ရပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ၎င်းတို့နှစ်ဦးအား သေဒဏ် ချမှတ်ခဲ့သည်။
သေဒဏ်မှ လွတ်မြောက်နိုင်ရေးအတွက် AASYC ဦးဆောင်သည့် ပြည်တွင်း ရခိုင်အရပ်ဖက်အဖွဲ့အစည်း တချို့တို့က အသနားခံ လက်မှတ်တစ်သိန်းခန့်ကို ထိုင်းဘုရင်မင်းမြတ်ထံသို့ ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

0 comments:
Post a Comment