Wednesday, March 9, 2016

အစိုးရသစ်အပြောင်းအလဲကာလတွင် ကျောက်၊ သဲ ရောင်းဝယ်ရေး လုပ်ငန်း အဆင်မပြေ

စစ်တွေကျောက်ဆိပ် (ဓာတ်ပုံ - Kyaw Za/RiA)
စစ်တွေ/RiA ၊ မတ်လ ၉ ရက်

ရခိုင်ပြည်နယ်စစ်တွေမြို့တွင် ကျောက်၊ သဲ ရောက်ဝယ်ရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်ဖို့ အရင်နှစ်တွေကထက် ပိုမိုခက်ခဲလာတယ်လို့ကျောက်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။

နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်လာကြတဲ့ ကျောက်၊ သဲ လုပ်ငန်းမှာ အခု လက်ရှိအခြေအနေအရ အစိုးရအပြောင်းအလဲ ကာလဖြစ်တာကြောင့် ရောင်းဝယ်အားတွေ အရင်နှစ်တွေကထက် သိသိသာ ကျဆင်းသွားတယ်လို့ လုပ်ငန်း လုပ်ကိုင်သူတွေက ပြောဆိုကြပါတယ်။

“ဒီနှစ်လုံးဝအဆင်မပြေဘူး။ အရင်နှစ်ကဆိုရင် ကျောက်တွေပုံလို့တောင်မရှိဘူး။ ဒီနှစ်ဆိုလို့ရှိရင် တစ်ရက်မှာ ဆယ်ကျင်း ထွက်ဖို့မလွယ်ဘူး။ အခုအစိုးရ အလွဲအပြောင်းရှိတဲ့ကိစ္စနှင့် အလုပ်တွေက အားလုံးရပ်ထားရတယ်လို့ ကြားတယ်။ လုပ်ရဲတဲ့လူတွေက လုပ်တယ်။ တချို့က မလုပ်ရဲကြဘူးလေ။ ဈေးအတက်အကျကို ချိန်ကြတယ်။ အဲဒါကြောင့် အလုပ်မှာ ကျောက်တွေ ဒီလောက်ပုံသွားတာ။ မဟုတ်လို့ရှိရင် ဒီလောက်မဖြစ်ဘူး ” လို့ ကုန်တန်းကျောက်ဆိပ်ကမ်းမှ ကျောက်ရောင်းဝယ်ရေး ကိုယ်စားလှယ် ဒေါ်မလှဖြူက ပြောပါတယ်။

အဆိုပါလုပ်ငန်းခွင်မှာ လာရောက်လုပ်ကိုင်ကြတဲ့ နေ့စားအလုပ်သမားတွေအနေနဲ့ ကျောက်၊ သဲ ရောင်းဝယ်ရေး လုပ်ငန်း အဆင်မပြေတာကြောင့် မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ပြောဆိုကြပါတယ်။
“အခုကတော့ အလုပ်လုပ်နေရတာ အဆင်မပြေပါဘူး။ ဘုတ်တွေရောက်လာရင်လည်း ကားကို မတင်ရဘူးဖြစ်နေပါတယ်။ တစ်နေ့ကို လေးငါးထောင်ရတာနဲ့ ကိုယ့်အသုံးစရိတ်တောင် မကာနိုင်ဘူး။ စားရေးသောက်ရေး အဆင်မပြေနိုင်ပါဘူး” လို့ အလုပ်သမား တစ်ဦးဖြစ်တဲ့ မောင်အောင်မျိုးထွန်းက ပြောပါတယ်။

လုပ်အားခအနေနဲ့ ကျောက်၊ သဲတစ်ကျင်းကို ဘုတ်ကနေကားကို တိုက်ရိုက်တင်ရင် ၉၀၀၀ ကျပ်၊ ဝယ်မဲ့လူတွေ့လို့ မြေပြင်မှာ တင်ပေးရင် ၅၀၀၀ ကျပ် စီပေးရပြီး သယ်ယူပေးတဲ့ ဘုတ်သမားတွေကို ၄၃၀၀ ကျပ် အထိပေးရတယ်လို့ သိရပါတယ်။

စစ်တွေမြို့ဒေသခံတွေမှာ လေးမြို့ချောင်း ကျောက်နှင့် မြေပုံမြို့နယ် ကမ်းထောင်းကြီးဒေသက ထွက်တဲ့ ကျောက်၊ သဲတို့ကို အသုံးပြုနေကြတာဖြစ်ပါတယ်။

စစ်တွေမြို့နယ်မှာ ၁၉၉၆ ခုနှစ်က အဆိုပါလုပ်ငန်းလုပ်ကိုင်သူ နှစ်ဦးသာရှိခဲ့ပြီး နှစ်ပေါင်း ၂၄ နှစ်တာကာလအတွင်း လုပ်ငန်းလုပ်ကိုင်သူ ၄၀ ကျော်အထိ ဖြစ်လာခဲ့ပြီလို့ သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top