Friday, February 5, 2016

ရခိုင်အမျိုးသားပါတီ၏ ၁/၂၀၁၆ ကြေညာချက်ပါ အချက်တချို့ ပြင်ဆင်ရန် စစ်တွေအရပ်ဖက်အဖွဲ့အစည်းများ တောင်းဆို

စစ်တွေ/RiA ၊ ဖေဖေါ်ဝါရီ ၅ ရက်

ရခိုင်အမျိုးသားပါတီရဲ့ ဇန်န၀ါရီ ၁၉ ရက် နေ့စွဲနှင့် ထုတ်ပြန်ခဲ့တဲ့ ၁/၂၀၁၆ ပါ အချက်တချို့မှာ ညှိနှိုင်းရန် ခက်ခဲတယ်လို့ ယူဆ မှုကြောင့် ပြင်ဆင်ဖို့ လိုအပ်နေပြီး ရခိုင်အမျိုးသားပါတီ အနေနဲ့ ပြန်လည် သုံးသပ်သင့်ကြောင်း စစ်တွေအရပ်ဖက် အဖွဲ့အစည်း များက တောင်းဆိုလိုက်ပါတယ်။


“ကြေညာချက်ရဲ့ နံပါတ် ၃ မှာပါရှိတဲ့ အချက်ကို ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ သမ္မတအဖွဲ့က လက်ခံလာနိုင်ဖွယ် မရှိဘူး။ ဒီလိုဆိုရင် ရခိုင်အမျိုးသားပါတီအနေနဲ့ အခက်ကြုံလာစရာတွေ အများကြီးရှိနေတယ်။ ANP အနေနဲ့ ပြန်လည် သုံးသပ်ဖို့ လိုအပ်နေပါတယ်” လို့ ရခိုင်မျိုးဆက်သစ်နိုင်ငံရေးအင်အားစု ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိန်သန်းက RiA ကို ပြောပါတယ်။

ANP ရဲ့ ၁/၂၀၁၆ ကြေညာချက်ပါ တောင်းဆိုချက် ၃ တွင် “ရခိုင်ပြည်နယ်အတွင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦး အနိုင်ရရှိထားသော ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား ဦးဆောင်ဖွဲ့စည်းခွင့်မရရှိပါက ရခိုင်အမျိုးသားပါတီသည် မည်သည့် အစိုးရအဖွဲ့အစည်းတွင်မဆို လုံးဝ ပါဝင်ခြင်းမပြုဘဲ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် အတိုက်အခံ နိုင်ငံရေးပါတီအဖြစ် ရပ်တည်သွားမည်” လို့ ပါရှိပါတယ်။

စစ်တွေအရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များ၊ ၀ါရင့်နိုင်ငံရေးသမားများဟာ ယမန်နေ့ ဖေဖေါ်ဝါရီ ၄ ရက်နေ့က တွေ့ဆုံမှု တစ်ခုပြုလုပ်ခဲ့ပြီး ANP ရဲ့ ကြေညာချက် ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။

“ရခိုင်အမျိုးသားပါတီဘက်ကနေ ဒီကြေညာချက်ထုတ်ရခြင်းဟာ ဦးညီပု စစ်တွေကို ရောက်လာတာနဲ့ ပါတ်သက်ပြီး ထုတ်တာပါ။ ဦးညီပု စစ်တွေကို ရောက်လာပြီး လူထုတွေ့ဆုံပွဲမှာ ပြောသွားခဲ့တာနဲ့ ဆိုင်ပါတယ်။ ANP အနေနဲ့လည်း ဒါဟာ လုပ်သင့်တဲ့အလုပ်ပါ။ ဒါပေမယ့် ကျွန်တော်တို့က ကြားကနေပြီးတော့ ဒီကြေညာချက်ကို လက်ခံတယ်။ ဒါပေမယ့် ပြန်ပြီးတော့ ရပ်တည်ချက်ကို ပြင်ဆင်ပေးဖို့ တောင်းဆိုသင့်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တွေ့ဆုံပွဲက နေပြီးတော့ ဆုံးဖြတ်ချက်တစ်ခုကို ချပေးရမှာဖြစ်ပါတယ်။” လို့ ဥပဒေပညာရှင် ဦးဖိုးကျော်သန်းက RiA ကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တွေ့ဆုံမှုအပြီး အကြံပြုစာတစ်စောင်ကို မနက်ဖြန် ဖေဖေါ်ဝါရီ ၆-၇ ရက်နေ့များတွင် ပြုလုပ်မယ့် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့သွားမှာ ဖြစ်ပြီး ပါတီရဲ့ စီအီးစီး အစည်းအဝေးကနေ အကြံပြုစာနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်စေလိုတယ်လို့ အစည်းအဝေးတက်ရောက်သူများက ပြောပါတယ်။

“ပါတီထဲမှာလည်းပဲ တချို့အဖြစ်အပျက်တွေ ရှိပါတယ်။ ပါတီကို အင်အားဖြည့်ပေးဖို့လည်း လိုအပ်သလို ပါတီ ကျစ်လစ်ခိုင်မာဖို့အတွက် ဒီကြေညာချက်ကို မူတည်ပြီးတော့ တွန်းအားတစ်ခု ပေးသင့်တယ်လို့ မြင်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံရေး အဖြစ်အပျက်ဟာ အနည်းစု ဒီမိုကရေစီကို အများစု ဒီမိုကရေစီက အနိုင်ကျင့်နေတဲ့ ဟာသပြကွက်တစ်ခုလို့ပဲ မြင်ပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်ဟာ ၂၀၂၀ အတွက် ဖယ်ဒရယ် စမ်းသပ်ကွင်း တစ်ခုလိုဖြစ်နေတယ်။” လို့ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် (ဟောင်း) ဦးခင်မောင်ကြီးက ပြောပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို ရွေးကောက်ပွဲကာလအတွင်း ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုအောင်နိုင်ရေးကော်မတီတွင် အဓိက ပါဝင်ကူညီခဲ့ကြတဲ့ ၈၈ ရခိုင် မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့၊ ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစု၊ ရခိုင်အမျိုးသမီးကွန်ရက်၊ ရခိုင်ပြည်ကျောင်းသားသမဂ္ဂတို့အပြင် ရခိုင်လူ့အခွင့်အရေးအဖွဲ့နှင့် စစ်တွေမြို့ရှိ ဝါရင့်နိုင်ငံရေးသမားများ၊ ဥပဒေပညာရှင်များ စုစုပေါင်းလူဦးရေ ၃၀ ခန့်တို့က တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top