Friday, February 26, 2016

ပုဏ္ဏားကျွန်းတွင် စည်းကမ်းမဲ့ သစ်ခုတ်လှဲမှုများ မြင့်တက်လာ

ပုဏ္ဏားကျွန်း/RiA ၊ ဖေဖေါ်ဝါရီ ၂၆ ရက်

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တည်ဆောက်လျှက်ရှိတဲ့ ခမီကြိမ်ချောင်းဆည် ဧရိယာရှိ သစ်တောတွေကို စည်းကမ်းမဲ့ ခုတ်လှဲမှုတွေ မြင့်တက် လာကြောင်း ဒေသခံများက ပြောပါတယ်။

ခမီကြိမ်ချောင်းဆည် ဧရိယာတွင် ယခင်က သစ်ပင်များ အများအပြားရှိခဲ့ပေမယ့် ၂၀၁၄ ခုနှစ်မှ စတင်ကာ ထင်းထုတ်လုပ်ရယူသူများနှင့် သစ်ထုတ်လုပ်ရောင်းချသူများက ယခုလို တရားမ၀င် ခုတ်လှဲလာခြင်း ဖြစ်ကြောင်း ဒေသခံ ဦးသာထွန်းမောင်က RiA ကို ပြောပါတယ်။

"သစ်ပင်တွေကအကြီးကြီးတွေ မဟုတ်ပေမယ့် တန်ဖိုးကြီးတဲ့တွေ ပေါက်နေတာများပါတယ်။ အရင်က ဒီနေရာကို လူတွေ သိပ်မလာဖြစ်တော့ သစ်ပင်တွေကို ခုတ်မယ့်သူမရှိဘူး။ ဆည်စီမံကိန်းစတဲ့ နှစ်ကနေ ကားလမ်းတွေပေါက်လာတယ်။ စီးပွားရေးသမားတွေ ရောက်လာပြီးတော့ သစ်ပင်တွေကို ခုတ်လှဲတာတွေ၊ အုတ်ဖုတ် ထင်းခုတ်တာတွေကို လုပ်တော့ ပြုန်းတီးကုန်တာပေါ့။”

ဆည်တည်ဆောက်နေတဲ့နေရာမှာ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ အနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ဖြစ်ပြီး လူသူအရောက်ပေါက်နည်းကာ သဘာဝသစ်တောများ တည်ရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

အဆိုပါ သစ်တောတွင် အဖိုးတန်သစ်များဖြစ်တဲ့ ပျဉ်းကတိုး၊ ကုလားမီးသွေးစတဲ့ သစ်မာများမှာ သဘာဝအလျောက် ပေါက်ရောက်လျှက်ရှိပါတယ်။

တရားမ၀င် သစ်ခုတ်မှုနှင့် စည်းကမ်းမဲ့ ထင်းခုတ်ယူမှုတွေကြောင့် သစ်တောမှာ ပြုန်းတီးလာနေပြီး  စီးပွားရေးလုပ်ငန်းရှင်တချို့က ရှိန်းစက်တွေကို အသုံးပြုကာ အုတ်ဖုတ်လုပ်ငန်းတွက် လိုအပ်တဲ့ ထင်းရယူမှုကို နေ့စဉ် ပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top