Thursday, February 4, 2016

မင်းပြားကိုယ်စားလှယ် ထောင်ဒဏ်ချမှတ်ခံရမှုကြောင့် ပြည်နယ်လွှတ်တော်တွင် ရခိုင်အမျိုးသားပါတီမှ ၁ နေရာ ဆုံးရှုံး

ANP ၏ ၂၀၁၅ ရွေးကောက်ပွဲစည်းရုံးရေး ကာလက တွေ့ရစဉ်

စစ်တွေ/RiA ၊ ဖေဖေါ်ဝါရီ ၄ ရက်

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှအောင်ညွှန့်မှာ ထောင်ဒဏ် ချမှတ်ခံခဲ့ရ တာကြောင့် ဥပဒေအရ ယခုရွေးကောက်ပွဲ သက်တမ်းတွင် ၎င်းအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ အလိုအလျောက် ပယ်ဖျက်ခံရပြီး ဖြစ်တာကြောင့် ရခိုင်အမျိုးသားပါတီ အနေနဲ့ ပြည်နယ် လွှတ်တော်နေရာ တွင် ၁ နေရာ ဆုံးရှုံးရမည် ဖြစ်ကြောင်း သိရပါတယ်။


"ဥပဒေအရ ကိုယ်စားလှယ်က ပြစ်ဒဏ်ချမှတ်ခံရတာ ရှိရင် သူက ယခု သက်တမ်းအတွက် ကိုယ်စားလှယ် အဖြစ်က ပယ်ဖျက်ခံရပါတယ်။ သူ့နေရာအတွက် အစားထိုးဖို့ အစီစဉ်တော့ မရှိပါဘူး။ အဲဒီနေရာကို လစ်လပ်အဖြစ် ထားမယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အဲဒီနေရာကို ယှဉ်ပြိုင်နိုင်ပါတယ်။ ဦးလှအောင်ညွှန့်က လွဲရင် ဘယ်သူမဆိုပေါ့" လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ပြည်နယ် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က RiA ကို ပြောပါတယ်။

မင်းပြားမြို့နယ်​အတွင်းမှ အနိုင်​ရ ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးလှ​အောင်​ညွန့်​အား ပိုင်နက်​ကျူးလွန်​မှု၊ ခြိမ်း​ခြောက်​မှုများဖြင့်​ ​ဇန်​နဝါရီ ၂၈ရက်က မြေပုံမြို့နယ်​တရားရုံးက ထောင်​ဒဏ်​ ၆ လစီ ပြစ်ဒဏ်နှစ်ရပ်ပေါင်း ကျခံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ​ရွေး​ကောက်​ပွဲတွင်​ မင်းပြားမြို့နယ်​ရှိ ပြည်​နယ်​မဲဆန္ဒနယ်​အမှတ်​ ၂ တွင်​ ရခိုင် အမျိုးသားပါတီမှ ဦးလှ​အောင်​ညွန့်​ နှင့်​ ပြည်​​ထောင်​စုကြံခိုင်​​ရေးနှင့်​ ဖွံဖြိုး​ရေးပါတီမှ ဗိုလ်​မှုးကြီး အငြိမ်းစား၊ နယ်​စပ်​​ရေးရာညွန်​ကြား​ရေးမှူး၊ အမြဲတမ်းအတွင်းဝန်​ ​ဒေါက်​တာစံ​ရွှေ​အောင်​တို့ ဝင်ရောက် ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ဦးလှ​အောင်​ညွန့်က မဲအပြတ်​အသတ်​ဖြင့်​ အနိုင်​ရရှိထားခြင်းဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်နေရာ ၂၂ နေရာ အနိုင် ရရှိထားပြီး ယခု ၁ ဦး လစ်လပ်သွားတာကြောင့် ၂၁ နေရာ ကျန်ရှိတော့ပြီ ဖြစ်ပါတယ်။

အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရမှုအပေါ် ရခိုင်အမျိုးသားပါတီအနေနဲ့ အယူခံဝင်ထားကြောင်းလည်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top