![]() |
ပေါက်ကြားခဲ့သော န၀မတန်း၊ ဇီဝဗေဒ မေးခွန်းလွှာ |
စစ်တွေ/RiA ၊ ဖေဖေါ်ဝါရီ ၂၇ ရက်
စစ်တွေမြို့နယ်တွင် န၀မတန်း စာမေးပွဲ မေးခွန်းလွှာ ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး အရေးယူသွားမှာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက RiA ကို ပြောပါတယ်။
“ မေးခွန်းလွာက စစ်တွေမြို့ပေါ်က ကျောင်းအုပ်တွေ သဘောတူညီချက်နဲ့ မြို့နယ်စစ် ဆိုပြီး ပြုလုပ်ထားတဲ့ မေးခွန်းလွာပါ။ မေးခွန်းပေါက်ကြားခဲ့တယ်ဆိုပြီး သတင်းထွက်တဲ့အတွက် မေးခွန်းကို အရံပြုလုပ်ထားတဲ့ တခြားမေးခွန်းတစ်ခုနဲ့ အချိန်မီ အစားထိုးလိုက်ပါတယ်။ မေးခွန်းပေါက်ကြားမှု အပေါ်မှာလည်း ကျနော်တို့ စုံစမ်းစစ်ဆေးမယ်။ အရေးယူမှုပြုလုပ်သွားမှာ ဖြစ်ပါတယ်”
ပေါက်ကြားခဲ့တဲ့ မေးခွန်းလွှာမှာ ဇီဝဗေဒဘာသာရပ်ဖြစ်ပြီး ၎င်းကို ဖေဖေါ်ဝါရီ ၂၆ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန်မှာ မေးခွန်းပေါက်ကြားနေကြောင်း စစ်တွေမြို့မိမြို့ဖ အဖွဲ့ဝင် ဦးသန်းထွန်းရဲ့ တရားဝင်စာမျက်နှာကတဆင့် အသိပေး ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။
စာစစ် မေးခွန်းပေါက်ကြားခဲ့မှုကြောင့် စာမေးပွဲဖြေဆိုမယ့်အချိန်ကို ဒီကနေ့ ဖေဖေါ်ဝါရီ ၂၇ ရက်နေ့ နံနက် ၉ နာရီအစား နေ့လည် ၁ နာရီသို့ ရွေ့ပြောင်းလိုက်ပြီး အရံမေးခွန်းနဲ့ အစားထိုးခဲ့ကာ ဘောဂဗေဒ ဘာသာရပ်ကိုလည်း မေးခွန်းသစ်နဲ့ ထပ်မံ အစားထိုးခဲ့ကြောင်း ဦးလှစိန်ထွန်းက RiA ကို ပြောပါတယ်။
စစ်တွေမြို့နယ်မှာ တခြားမြို့နယ်များနဲ့ မတူဘဲ မေးခွန်းလွာကို မြို့နယ်စစ် ပြုလုပ်ရခြင်းမှာ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားစေရေးကို ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်တယ်လို့ ပြည်နယ် ပညာရေးမှူးရုံးက အတည်ပြု ပြောကြားခဲ့ပါတယ်။
0 comments:
Post a Comment