Friday, February 12, 2016

ဦးမောင်မောင်အုန်း ၀န်ကြီးချူပ် မလုပ်ဟု ကတိပြု ပြောကြား

စစ်တွေ/RiA ၊ ဖေဖေါ်ဝါရီ ၁၂ ရက်

ရခိုင်ပြည်နယ် ၀န်ကြီးချူပ် (ငြိမ်း) ဦးမောင်မောင်အုန်းက သူ့အနေနဲ့ ယခုလာမယ့် အစိုးရသက်တမ်းကာလတွင် ၀န်ကြီးချူပ်အဖြစ် ထပ်မံ အရွေးချယ်ခံသွားမှာ မဟုတ်ဘဲ သာမာန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနှင့်သာ တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ကြောင်း အများပြည်သူရှေ့မှောက်တွင် ကတိပြု ပြောကြားလိုက်ပါတယ်။

"ကျနော် သာမာန် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ပဲ အမ်းမြို့နယ်မဲဆန္ဒနယ်ကိုယ်စား ရခိုင်ပြည်နယ် အကျိုးစီးပွားအတွက် ရိုးသားစွာ ပါဝင်ဆောင်ရွက်ချင်ပါတယ်။ ကျန်တဲ့ဆန္ဒတွေ ကျနော့်မှာ မရှိပါဘူး။ ကျနော်တို့ ရခိုင်ပြည်နယ်ကြီးကို နိုင်ငံတော်အဆင့် စီမံခန့်ခွဲနေတဲ့ အချိန်မှာ ကျနော်သည် နိုင်ငံတော်အဆင့်က ကိုယ်စားလှယ်တစ်ဦးအနေနဲ့ သင့်တော်တဲ့ နေရာကနေ ကျနော် ပါဝင်တာ ဖြစ်ပါတယ်။ ရိုးရှင်းစွာနဲ့ ရိုးသားစွာနဲ့ပဲ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အမ်းမြို့နယ်အတွက်ရယ်၊ ရခိုင်တစ်ပြည်နယ်လုံးအတွက်ပါ ကျနော် လွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌတို့ကို အကြံပြု၊ အစိုးရအဖွဲ့ကို ပေါင်းစပ်ညှိနှိုင်းပြီး အနာဂတ်မှာ ရခိုင်ပြည်နယ်ကြီး ဒီထက် တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားဖို့ စိတ်ရင်းအမှန် ရှိပါကြောင်း ကျနော် ပြောကြားပါရစေ။"

အဆိုပါ ပြောကြားမှုကို ဖေဖေါ်ဝါရီ ၁၁ ရက်တွင် ပြုလုပ်ခဲ့တဲ့ ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့ အကြို - ပွိုင့်ကမ်းခြေ အပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနားမှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

NLD အစိုးရနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချူပ်တို့ တွေ့ဆုံမှုကနေ တကျော့ပြန် ရခိုင်ပြည်နယ် ၀န်ကြီးချူပ် ဖြစ်လာမယ့်သူလို့ ရေပန်းစားနေတဲ့ ဦးမောင်မောင်အုန်းက ယခုလို ပြောကြားခဲ့ခြင်း အပေါ် အနိုင်ရပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်၊ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးဖိုးမင်းက " ဦးမောင်မောင်အုန်းက စကားတည်တဲ့သူပါ။ သူပြောခဲ့တာတွေလည်း အမှန်ပဲ လိုအပ်ပါတယ်။ လွှတ်တော် ဥက္ကဌအဖွဲ့ကို အကြံပြုဖို့နဲ့ ပြည်နယ်အစိုးရအဖွဲ့ကို ပေါင်းစပ်ညှိနှိုင်းဖို့ သူ အမှန်တကယ် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်" လို့ RiA ကို ပြောကြားခဲ့ပါတယ်။

1 comment:

  1. အင်းးပြောရရင်လဲဒေါပွကြအုံးမယ်။

    ReplyDelete

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top