Thursday, February 18, 2016

ANP ၏ မဟာမိတ်ဆက်ဆံရေး ရပ်စဲကြောင်း ထုတ်ပြန်ချက် တရားမ၀င်ဟု UNA ဆို

စစ်တွေ/RiA ၊ ဖေဖေါ်ဝါရီ ၁၈ ရက်

ရခိုင်အမျိုးသားပါတီရဲ့ UNA နဲ့ မဟာမိတ်ဆက်ဆံရေး ရပ်စဲကြောင်း ကြေညာထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ၎င်းမှာ တရားဝင် မဟုတ်တာကြောင့် အသိအမှတ်မပြုနိုင်ဘူးလို့ UNA က မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။


"သူတို့က ထုတ်တဲ့စာတွေကို အင်လိုင်းပေါ်မှာတော့ တွေ့တယ်။ ဒါပေမယ့် ခုချိန်ထိ တရားဝင် ပေးပို့လာတာ မဟုတ်တဲ့အတွက် ပြန့်နှံ့နေတဲ့ ဒီစာကို တရားမ၀င်လို့ပဲ သတ်မှတ်ပါတယ်။ ဒီကိစ္စကိုလည်းပဲ အစည်းအဝေးမှာ ဘာမှ မှတ်ချက်မပြုဘဲ ထားလိုက်ပါတယ်။ တရားဝင်မဟုတ်သေးဘူးလို့ သတ်မှတ်ထားပါတယ်။ " လို့ UNA အတွင်းရေးမှူးအဖွဲ့ဝင်၊ SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လင်းက RiA ကို ပြောပါတယ်။

UNA ရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ဥက္ကဌအဖွဲ့ဝင် ဒေါ်အေးနုစိန်ကို ဆက်သွယ်ခဲ့ရာတွင် " အသိအမှတ်ပြုတယ် မပြုဘူးဆိုတာ UNA ရဲ့ ကိစ္စပါ။ ကျမတို့က ဗဟိုအလုပ်အမှုဆောင်တစ်ဖွဲ့လုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီထုတ်ပြန်ချက်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီ ANP ပါတီအနေနှင့် ရွေးကောက်ပွဲ မပြီးခင်က မဟာမိတ်ဆက်ဆံရေးအဖြစ် NBF နှင့် UNA တို့ကို ထားရှိခဲ့ပေမယ့် ရွေးကောက်ပွဲပြီးဆုံးသွားချိန်မှာ ANP အပေါ် နားလည်မှုပေးနိုင်တဲ့ NBF နှင့်သာ ဆက်လက် လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဒေါ်အေးနိုစိန်က ပြောပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)နှင့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင် ခဲ့တဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)တို့က ရခိုင်အမျိုးသား ပါတီ(ANP) အဖြစ် ၂၀၁၄ ခုနှစ်တွင် ပူးပေါင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ပါတီ ၂ ခု မပေါင်းစည်းမီက တခြား တိုင်းရင်းသားပါတီများနှင့် မဟာမိတ် ဆက်ဆံရေး တည်ဆောက်ထားရာတွင် ALD က စည်း လုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တွင် ပါဝင်ခဲ့ပြီး RNDP က ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း(NBF)တွင် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် နောက်ပိုင်း ပါတီ ၂ ခုပေါင်းစည်းချိန်တွင် ANP အနေဖြင့် မဟာမိတ်အဖွဲ့ နှစ်ခုစလုံးနှင့် ဆက်လက် လက်တွဲဆောင် ရွက်ရန် သဘောတူခဲ့ကြသော်လည်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်သည့် ပါတီဗဟို အလုပ်အမှုဆောင် အစည်း အဝေးတွင် UNA နှင့် မဟာမိတ် ရပ်စဲကြောင်း ဆုံးဖြတ်ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ကြေညာခဲ့ခြင်းအပေါ် ယခင် ALD အဖွဲ့ဝင် ဗဟို အလုပ်အမှုဆောင်များနှင့် ညှိနှိုင်းခြင်း မရှိသလို သူတို့ရဲ့ သဘောထားကိုလည်း ရယူခြင်း မရှိဘဲ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ယခင် ALD အတွင်းရေးမှူးလည်းဖြစ် ANP ဗဟိုအလုပ် အမှုဆောင်လည်း ဖြစ်သူ ဦးမျိုးကျော်က ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က ဧရာဝတီသတင်းဌာတွင် ယခုလို ဖြေကြားခဲ့ပါတယ်။

“ကျနော်တို့ဘက်ကို ညှိနှိုင်းခြင်းလည်း မရှိဘူး။ သဘောထားလည်း ရယူခြင်းမရှိဘဲ ထုတ်ခဲ့တဲ့အတွက် ကျနော်တို့ ALD ဘက် အခြမ်းအနေနဲ့ ပြန်ပြီး ညှိနှိုင်းဖို့ ရှိတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထဲမှာ ကျနော်တို့ဘက်က နည်းတယ်။ ဘာပဲဖြစ်ဖြစ် နှစ်ပါတီ ပေါင်းထားတာ ဆိုတော့ နှစ်ဘက်ခေါင်းဆောင်တွေရဲ့ သဘောထားကို ယူသင့်တယ်။ ဒါပေမယ့် UNA နဲ့ ကျနော်တို့နဲ့က အခုအချိန် အထိ တသားတည်း ရှိနေပါတယ်”

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top