Thursday, February 18, 2016

AA နှင့် ဆက်စပ် ဖမ်းဆီးခံနေရသူ အနည်းဆုံး ၃၆ ဦးအနက် ၃၂ ဦးကို အမြန်ဆုံး တရားစွဲဆိုနိုင်ရန် စီစဉ်နေ

စစ်တွေ/RiA ၊ ဖေဖေါ်ဝါရီ ၁၈ ရက်

ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်သူများလို့ ယူဆချက်နဲ့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၈ ရက်နေ့ကနေ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် အနည်းဆုံး ၃၆ ဦးအနက် ၃၂ ဦးကို အမြန်ဆုံးတရားစွဲဆိုနိုင်ဖို့ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့များက စီစဉ်နေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဦးသစ်ဆန်းက RiA ကို ပြောပါတယ်။


"ဖမ်းဆီးထားသူတွေကို မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မနဲ့ အမြန်ဆုံး အရေးယူနိုင်ဖို့ စီစဉ်နေပါတယ်။ လောလောဆယ်မှာတော့ သက်ဆိုင်ရာ မြို့နယ်အလိုက် အကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားပါတယ်။"

ဖမ်းဆီးခံထားရသူများအနက် စစ်တွေမြို့နယ်တစ်ခုတည်းက ဖမ်းဆီးခံခဲ့ရသူ ၁၆ ဦးနှင့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် ပလက်ဝမြို့နယ်က ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၁၂ ဦးတို့ကို ဖေဖေါ်ဝါရီ ၁၀ ရက်နေ့မှာ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က စစ်တွေရဲတပ်ဖွဲ့နှင့် ကျောက်တော်ရဲတပ်ဖွဲ့များသို့ လွှဲပြောင်းပေးခဲ့တာဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒ့ါအပြင် တောင်ကုတ်နှင့် အမ်းမြို့နယ်များက ဖမ်းဆီးရမိခဲ့တဲ့ ၃ ဦးကိုလည်း (စရဖ) အဖွဲ့က တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့ကို ဇန်န၀ါရီ ဒုတိယပတ်တွင် လွှဲပြောင်းခဲ့ပြီး စစ်တွေမြို့နယ်က ဖမ်းဆီးခံခဲ့ရသူ ကုန်တန်းရပ်ကွက်၊ လှည်းတန်းလမ်းနေ ကိုဆန်းဝင်းထွန်းကို ဖေဖေါ်ဝါရီ ၈ ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ကိုဆန်းဝင်းထွန်း မိသားစုဝင်များက RiA ကို အတည်ပြု ပြောကြားခဲ့ပါတယ်။

" ဖေဖေါ်ဝါရီ ၈ ရက်နေ့ ည ၇ နာရီဝန်းကျင်လောက်မှာ လွှတ်လာပါတယ်။ ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီးတော့ လောလောဆယ် ဘာမှ မပြောချင်သေးပါဘူး"

ကျောက်ဖြူမြို့နယ်က ဖမ်းဆီးခံခဲ့ရတဲ့ ကိုမောင်အေးတို့အဖွဲ့ကို ယခုအချိန်ထိ (စရဖ) မှ မလွှဲပြောင်းသေးကြောင်း သိရပါတယ်။

ဖေဖေါ်ဝါရီ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရတဲ့ AA ဒုဗိုလ်မှူးကြီးနဲ့အတူ အနည်းဆုံး ၃ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး ၎င်းတို့ကိုလည်း အမြန်ဆုံး တရားစွဲဆိုနိုင်ရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးသီတင်းပတ်မှာ ဖြစ်ပွားခဲ့တဲ့ AA နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များကို ဒေသအာဏာပိုင်တွေက တင်းကြပ်စွာ စုံစမ်းစစ်ဆေး ဖမ်းဆီးမှုတွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top