Friday, February 12, 2016

AA မှ ရခိုင်နှင့် ချင်းတောင်တန်းရှိ ဒေသခံများ ကျေနပ်သည်အထိ ဖြေရှင်းပေးမည်ဟု ဆို

ရန်ကုန်/RiA ၊ ဖေဖေါ်ဝါရီ ၁၂ ရက်

ရက္ခိုင့်တပ်မတော် AA မှ ရခိုင်နှင့် ချင်းတောင်တန်းဒေသများတွင် စစ်ရေးအရ မလွဲမရှောင်သာ ရွေ့လျားမှု ဆောင် ရွက်နေခြင်းတို့ကြောင့် စားနပ်ရိက္ခာ ဖြည့်တင်း ရမှုတွင် ဒေသခံများ ဘက်က နစ်နာမှုများအပေါ် ကျေနပ်သည် အထိ ပြန်လည် ဖြေရှင်းသွားမှာ ဖြစ်ကြောင်း AA မှ ချင်းအရပ်ဖက် လူမှုအဖွဲ့အစည်းများ ကွန်ရက် CCSN ကို မေတ္တာရပ်ခံစာ တစ်စောင် ပေးပို့ခဲ့ကြောင်း မြစ်မခ သတင်းအေဂျင်စီတွင် ဖော်ပြထားပါတယ်။


ချင်းပြည်နယ် ပလပ်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်(AA) ၏ လုပ်ဆောင်မှုများမှာ တိုင်းပြည်တည်ငြိမ် အေးချမ်းမှုကို ထိခိုင်စေနိုင်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်ကြောင်း ချင်းအရပ်ဖက် လူမှုအဖွဲ့အစည်းများကွန်ရက်မှ ဇန်န၀ါရီ(၂၉)ရက်နေ့တွင် သဘောထားကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း AA မှ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ ကွန်ရက်သို့ မေတ္တာရပ်ခံစာပေးပို့ခဲ့ခြင်း ဖြစ်တယ်လို့ CCSN တာဝန်ခံက ပြောပါတယ်။

“သူတို့ပို့တဲ့ စာထဲမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့အချိန် မလွဲမရှောင်သာ စားနပ်ရိက္ခာ စုဆောင်းတဲ့အခါမှာ ဒေသခံတွေဆီက အတက်နိုင်ဆုံး ၀ယ်တယ်ပေါ့။ ဒါပေမယ့် အဲ့လိုဝယ်တဲ့ အချိန်မှာ ဒေသခံတွေဖက်က နစ်နာတာတွေ၊ လိုအပ်တာတွေရှိရင် သူတို့အနေနဲ့က ကျေနပ်အောင် တာဝန်ယူတာဝန်ခံပြီး ပြန်လုပ်ဆောင် ပေးမယ်လို့ စာပြန်ပေးပို့ထားတာပါ။” လို့ CCSN တာဝန်ခံ ဆလိုင်းဇကုတ်ထန်းက မြစ်မခ အေဂျင်စီကတဆင့် ပြောကြားခဲ့ပါတယ်။

AA မှ ပေးပို့သည့်မေတ္တာရပ်ခံစာတွင် ရက္ခိုင့်တပ်မတော် လှုပ်ရှားစစ်ကြောင်းများမှာ ရခိုင်-ချင်း နယ်စပ် တောင်တန်းများတွင် စစ်ရေးအရမလွဲမရှောင်သာ ရွေ့ရှားသွားလာမှုများပြုလုပ်ခဲ့ရပြီး စားနပ်ရိက္ခာ လိုအပ်ချက်အရ သွားလာရာ လမ်းကြောင်းများရှိ ရျွာများမှ ၀ယ်ယူဖြည့်တင်းခြင်းများကို သင့်တင့်မျှတသော အခကြေးငွေများပေးကာ ရွာသူရွာသားများကျေနပ်သည်အထိ ဆောင်ရွက်ခဲ့ပြီး စားနပ်ရိက္ခာဝယ်ယူရာတွင် ရွာသူရွာသားများဖက်မှ နစ်နာမှုများရှိ၍ မိမိတို့ဖက်မှ လိုအပ်သည်များရှိပါက တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် ကျေနပ်သည်အထိ တာဝန်ယူဖြေရှင်းပေးရန် အသင့်ရှိသည်ဟု မေတ္တာရပ်ခံစာတွင် ပါရှိကြောင်း သိရပါတယ်။

ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ ကွန်ရက်မှာ ချင်းပြည်နယ်အတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၂၀ ကျော်ဖြင့် ဖွဲ့စည်းထားသော ကွန်ရက်တစ်ခုဖြစ်ပြီး ဇန်န၀ါရီလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် ဟားခါးမြို့၌ နှစ်ရက်တာ တွေ့ဆုံဆွေးနွေးကာ ချင်းပြည်နယ်အတွင်း ရှေ့ဆက်လုပ်ဆောင်မည့် အကြောင်းအရာများနှင့် ပတ်သတ်၍ ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် သဘောထားကြေညာချက်တစ်ဆောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း မြစ်မခ သတင်းအေဂျင်စီတွင် ဖော်ပြပါရှိပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top