Sunday, January 10, 2016

ရခိုင်ငြိမ်းချမ်းရေးအတွက် ဘယ်သူ့ကို ဆန္ဒပြ တောင်းဆိုသင့်သလဲ (Opinion)


မောင်ထွန်းလှိုင် ၊ ဇန်န၀ါရီ ၁၀ ရက်

ရခိုင်ပြည်နယ် အပါအ၀င် တခြား တိုင်းရင်းသားဒေသတွေမှာ လတ်လောဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်တွေကို ရပ်တန့်ပေးဖို့အတွက် ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ မြောက်ဦးအပါအ၀င် တခြားမြို့နယ်တွေမှာလည်း ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်နေကြ တာကို တွေ့ရပါတယ်။


ဒါပေမယ့် ဆန္ဒဖော်ထုတ်မှုတွေဟာ ဘယ်အဖွဲ့အစည်းကို ရည်ရွယ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး သိပ်ပြီး မရှင်းလင်းပါ။ အကယ်၍ အစိုးရကို ရည်ရွယ်တယ်လို့ ဆိုခဲ့ရင်လည်း အစိုးရရဲ့ ဘယ်ဌာနဆိုင်ရာကိုလဲ ဆိုတာ မကွဲပြားခဲ့ကြပါ။

ကျနော်ထင်တယ်။ ဒါက နိုင်ငံတော် အစိုးရကို ဆန္ဒဖော် ထုတ်တာ ဖြစ်ပါလိမ့်မယ်။ ဘင်္ဂလီကိစ္စမှ အပ တခြား ဘယ်နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ တောင်းဆိုမှုတွေပဲဖြစ်ဖြစ် အစိုးရဆီက တောင်းဆိုလို့ ဘာမှ ထူးခြားလာမှ မဟုတ်ဘူးဆိုတာ ရခိုင်ပြည်သူတွေအနေနဲ့ နားလည် သဘောပေါက်သင့်ပါတယ်။

လတ်တလော ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်မှာ နိုင်ငံရေး ပြဿနာ ဖြစ်ပါတယ်။ ပို၍ နီးစပ်အောင် ပြောရမယ်ဆိုရင် NCA ခေါ် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်မှာ လက်မှတ်ရေးထိုးခြင်း မပါဝင်နိုင်ခဲ့တဲ့ တိုင်းရင်းသား တပ်မတော်များနှင့် အစိုးရကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲပါ။

ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်သူလူထုတရပ်လုံးကို အဖိနှိပ်ခံ စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်စေဖို့ တိုင်းရင်းသားညီနောင် နိုင်ငံရေးပါတီ၊ တပ်မတော်များနှင့် အတူတကွ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး အင်အားစု ၃ ခု ရှိပါတယ်။

အဲဒီ ၃ ဖွဲ့ကတော့
(၁) Arakan National Council(ANC) ခေါ် ရခိုင်ပြည်အမျိုးသားကောင်စီ ၊
(၂) Arakan Army(AA) ခေါ် ရက္ခိုင့်တပ်မတော် နှင့်
(၃) Arakan Liberation Party (ALP) ခေါ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တို့ပဲဖြစ်ပါတယ်။

ဒီအထဲမှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ခေါ် (NCA) ကို ပြီးခဲ့တဲ့ နှစ် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် နေ က တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့  ၈ ဖွဲ့ နှင့် ဦးသိန်းစိန်အစိုးရတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ရခိုင် EAO (၃) ဖွဲ့ မှာ ANC နှင့် AA ကိုအသိမှတ်မပြုဘဲနှင့် ALP တဖွဲ့ တည်းကိုသာ ဦးသိန်းစိန် အစိုးရအနေနဲ့ NCA တွင်လက်မှတ်ထိုးဖို့ အသိအမှတ်ပြုခဲ့ပါတယ်။

NCA စာချုပ်ပါအတိုင်း NCA စာချုပ်လက်မှတ်ထိုးပြီးတဲ့နေ့ကနေ ရက်ပေါင်း ၆၀ အတွင်းမှာ Framework for Political Dialogue ခေါ် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို အပြီးရေးဆွဲပြီး ရက်ပေါင်း ၉၀ အတွင်းမှာ နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်သွားရမှာဖြစ်ပါတယ်။

ယ္ခုဆိုရင် Framework for Political Dialogue ခေါ် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို ရေးဆွဲခဲ့ပြီးဖြစ်တာကြောင့် ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ နိုင်ငံရေးဆွေးနွေးပွဲကို စတင်ကျင်းပသွားတော့မှာပါ။

၎င်းနိုင်ငံရေးဆွေးနွေးပွဲကို NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ EAO ၈ ဖွဲ့ နှင့် တခြားပြည်တွင်းရှိ NLD အပါအ၀င် တရားဝင်နိုင်ငံရေး ပါတီတွေလည်း တက်ရောက်ခွင့်ရှိပါတယ်။ တဘက်မှာလည်း NCA မှာ လက်မှတ်ရေးထိုးခွင့်မရတဲ့ ရခိုင်ပြည် အမျိုးသားကောင်စီ ခေါ် ANC ကို အထူးဧသည်အဖြစ် UPDJC မှ တရားဝင်ဖိတ်ကြား ထားပေမယ့်လဲ ANC အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ကြောင်း အတိအလင်း ကြေညာထားတာကို တွေ့ရပါတယ်။

ရခိုင်တမျိုးသားလုံးကို ကိုယ်စားပြုထားတဲ့ ရခိုင်အမျိုးသားပါတီ (ANP ) အနေနဲ့ ဇန်န၀ါရီလ ၁၂ ရက်နေ့ တွင် ကျင်းပပြု လုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (Union Peace Dialogue) ကိုသွားတက်ဖို့အတွက် ပါတီဥက္ကဌ ဒေါက်တာအေးမောင် အပါအ၀င် ထိပ်တန်း ခေါင်းဆာင် (၄) ဦးကို ရွေးချယ်ထားပါတယ်။

အဆိုပါ ကိုယ်စားလှယ် ၄ ဦးမှာ ဦးလှစော၊ ဦးထွန်းအောင်ကျော် နှင့် ဦးဖိုးမင်း တို့ပဲ ဖြစ်ပါတယ်။
ANP ပါတီဥက္ကဌ ဒေါက်တာ အေးမောင်ကတော့ ပါတီကိုယ်စားမဟုတ်ဘဲ အပစ်ရပ် စောင့်ကြည့်ရေးအဖွဲ့ ဝင်အနေဖြင့် တက်ရောက်မှာဖြစ်ပါတယ်။

တဘက်မှာလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် ပါတီ(SNLD) ရဲ့ ဥက္ကဌ ဦးခွန်ထွန်းဦးကလည်း ယခု ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အားလုံးပါဝင်မှု မရှိတာကြောင့် အဓိပ္ဗါယ်မရှိသော ညီလာခံလို့ သတ်မှတ်ပြီး သွားမတက်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

အခြားတဘက်မှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ Arakan Army (ရက္ခိုင့်တပ်မတော်) အနေနဲ့လည်း စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားသောအားဖြင့် NCA မှာ ပါဝင်ခွင့်ရဖို့အတွက် သဘောထား ထုတ်ပြန်ချက်တွေ ခဏခဏ ထုတ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် အစိုးရဘက်က လက်မခံခဲ့ပါဘူး။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် မဖြေရှင်းခဲ့တာကြောင့် ၎င်းတို့ကြား တိုက်ပွဲများ ဖြစ်ခဲ့ရတာပါ။

ရခိုင်စစ်ကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ၃၀၀ ခန့် အိုးအိမ်ကို စွန့်ခွာရှောင်တိမ်းနေကြရတယ်။ နိုင်ငံပိုင် မီဒီယာများရဲ့ ထုတ်ပြန်ချက်အရ ရက္ခိုင့်တပ်မတော်ကို အပြီးပိုင်ချေမှုန်း သွားမယ်လို့ ပြောထား တာကြောင့် နောက်ထပ်လည်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပိုများလာနိုင်ခြေရှိပါတယ်။ ဒုက္ခသည်တွေလည်း ဒီထက် မက ပိုလာနိုင်ခြေရှိပါတယ်။

စစ်ပွဲတွေ ရပ်ဖို့ ရခိုင်ပြည်နယ်မှာ ဆန္ဒဖော်ထုတ်ကြတယ်။ စစ်ပွဲ ဘာကြောင့်ဖြစ်ရတာလဲ သိဖို့ လိုအပ်ပါတယ်။ ဘယ်သူ့ကို ဦးတည်ပြီး တောင်းဆိုရမှာလည်း ပြည်သူတွေ ကွဲပြားခြားနားစွာ နားလည်သဘောပေါက်ဖို့ အချိန်တန်ပြီဖြစ်ပါတယ်။

ရခိုင်ပြည်သူတရပ်လုံးအနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားရင် လက်ရှိ အစိုးရကို စစ်ပွဲတွေ ရပ်ဖို့ တောင်းဆိုတာထက် ရွေးကောက်ပွဲမှာ ကိုယ်တွေ မဲပုံအောပေးခဲ့တဲ့ ရခိုင်အမျိုးသားပါတီကို ယခုကျင်းပပြုလုပ်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ANP မတက်ရောက်ဖို့ ဆန္ဒပြတောင်းဆိုသင့်ပါတယ်။

ဝါရင့် တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင် တစ်ဦးဖြစ်တဲ့ SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦး ကိုယ်တိုင် ပြည်ထောင်စုညီလာခံကို သွားမတက်ဖို့ ဆုံးဖြတ်ထားပါတယ်။ ANP ခေါင်းဆောင်တွေ အနေနဲ့ အဖွဲ့ စည်းပေါင်းစုံ မပါဝင်ဘဲ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သွားတက်မယ်ဆိုရင် လက်ရှိအစိုးရရဲ့ ရိုးသားမှုမရှိတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းအပေါ်မှာ Legitimacy ဖြစ်လာဖို့အတွက် အားပေးသလိုမျိုး အခန်းကဏ္ဍမှာ ရောက်နေပါလိမ့်မယ်။

အခုလို တိုင်းရင်းသားတွေ လိုလားနေတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနှင့် စစ်မှန်သည့်ဖယ်ဒရယ်ပြည်ထောင်စုတရပ် ပေါ်ပေါက်လာရေးကို အာမခံချက် မပေးနိုင်တဲ့ အဓိပ္ဗါယ်မရှိသော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ANP ခေါင်းဆောင်တွေ အနေနဲ့ သွားတက်ရင် အင်အားကြီး တိုင်းရင်းသားနိုင်ငံရေးပါတီတရပ် အနေနဲ့  အခြားသော ရခိုင်လက်နက်ကိုင်တော်လှန်ရေး တပ်မတော်ကြီးတွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးရမှာဖြစ်သလို တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေးလည်း တစုံတရာ ထိခိုက်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် နိဂုံးချူပ်အနေနဲ့ ရခိုင်ပြည်သူလူထုတရပ်လုံးအနေနဲ့ တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုခဲ့ရင် မိမိတို့ ကိုယ်တိုင် ရွေးချယ်တင်မြှောက်ထားတဲ့ မိမိတို့ ခေါင်းဆောင်ကြီးတွေကို ယခုလာမယ့် ဇန်န၀ါရီ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (ခ) Union Peace Dialogue ကို သွားရောက် မတက်ကြဖို့ ဆန္ဒပြတောင်းဆိုသင့်ပါကြောင်း။
--
စာရေးသူ၏ အာဘော်သာဖြစ်ပြီး RiA – Root Investigative Agency ၏ အာဘော်မဟုတ်ကြောင်း စာဖတ်ပရိသတ်များ သိစေအပ်သည်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top