Thursday, January 21, 2016

ကမ္ဘာ့ရှားပါး ရေသတ္တ၀ါမျိုးစိတ် ရေ၀က်များအား ထိန်းသိမ်းစောင့်ရှောက်ရန် ရခိုင်ဒေသတွင် နည်းပညာလိုအပ်နေ

ကျောက်ဖြူ/RiA ၊ ဇန်န၀ါရီ ၂၁ ရက်
 
ကမ္ဘာရှားပါး စာရင်းမှာ ပါရှိတဲ့ ရေဝက်များကို ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အနောက်ဘက်နင့် ဂွမြို့နယ်၊ ကျွန်းသာယာ ဘက် တွေမှာ တွေ့ရှိရ တယ်လို့ ကျောက်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက သိရှိရပါတယ်။

ရေဝက်များဟာ ဆောင်းဦးပေါက် ရာသီများတွင် ကမ်းခြေများဘက်သို့ လာရောက်လေ့ရှိပြီး ၊ ငါးဖမ်းသမားတွေရဲ့ မတော်တဆ ဖမ်းဆီးမှုတွေမှာ သေဆုံးကြရပြီး၊ အကောင်ရေတွက် အနည်းငယ်သာရှိတဲ့ ရေဝက်တွေကို ထိမ်းသိမ်းဖို့အတွက် နည်းပညာ အထောက်အကူနှင့် ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ဘဏ္ဏာငွေတွေ လိုအပ်တယ်လို့ ကျောက်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးထွန်းတင်က RiA ကို ပြောပါတယ်။
 
“ ခုက လုပ်ငန်းဌာန အနေနဲ့ စနစ်တကျ လုပ်မယ်လို့ဆိုရင် ငွေကြေးလိုအပ်တယ်၊ နည်းပညာလိုအပ်တယ်၊ ကိုယ်တို့က သွားရောက်ပြီး ကွင်းဆင်း လေ့လာမှုတွေ မလုပ်နိုင်တော့ မှတ်တမ်းလောက်ပဲ ထားရှိနိုင်ပါသေးတယ်”
 
ပင်လယ်ရေဝက်များဟာ အာရှတိုက်သာမက ကမ္ဘာတစ်ခုလုံးမှာပါ မျိုးတုန်းရှားပါးသွားပြီ ဖြစ်တယ်လို့လည်း သူက ထပ်မံ ပြောကြားခဲ့ပါတယ်။
 
ကျောက်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ အဆိုပါရေဝက်တွေ ကျက်စားတဲ့ နေရာတွေမှာ ရေလုပ်ငန်း လုပ်ကိုင်သူတွေကို လိုက်လံပြီး အသိပညာပေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေကြောင်း သိရပါတယ်။
 
“ ဒီရေဝက်တွေ တွေ့ရှိတဲ့ နေရာတွေကို ငါးမဖမ်းရတဲ့ ဘေးမဲ့ဇုန်တွေအဖြစ် သတ်မှတ်ဖို့လိုပါတယ်။ ပင်လယ်ရေဝက်တွေဟာ နို့တိုက် သတ္တဝါတွေပါ၊ သူ့အရောင်က ပန်းရောင်သန်းပြီး တစ်ကောင်ရဲ့ အရွယ်ဟာ ခြောက်ပေ၊ ငါးပေ အထိရှိပါတယ်။ ဒီကောင်တွေ မျိုးတုံးလွယ်တာဟာ လည်း နို့တိုက်သတ္တဝါတွေ ဖြစ်နေလို့ပါ။ မာန်အောင်နဲ့ ဂွ ပေါင်းရင် အကောင်နှစ်ဆယ် နီးပါးတော့ ရှိမယ်ထင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
 
ပင်လယ်ရေဝက်များဟာ မာန်အောင်မြို့၊ ဂွမြို့နယ်ဘက်တို့မှာ တွေ့ရှိရတာဟာ ပင်လယ် ရေအောက်အနအနက်မှာ  ပေါက်ရောက်တဲ့ ပင်လယ်မြက်တွေကို ရေဝက်တွေက စားသုံးတာတာကြောင့် ခုလို တွေ့ရှိရတာလို့ ကျောက်ဖြူငါးလုပ်ငန်း ဌာနရဲ့ မှတ်တမ်းတွေ အရသိရပါတယ်။
 
ပင်လယ်ရေဝက်တွေ တွေ့ရှိရတဲ့ ဂွမြို့နယ်မှာ မကြာသေးမည်ကာလကည်း   သံတွဲခရိုင် ဂွမြို့နယ် လောင်ကျိုးကျေးရွာမှာ အလျား ၃၃ ပေ၊ လုံးပတ် ၁၆ ပေရှိတဲ့ ဝေလငါး တစ်ကောင်ကို တွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top