Friday, January 22, 2016

NLD အစိုးရလက်ထက် ရခိုင်ပြည်နယ် လွှတ်တော် အင်အားပိုမိုကောင်းမွန်ရန် ကိုယ်စားလှယ်များ မျှော်လင့်နေကြ

စစ်တွေ/RiA ၊ ဇန်န၀ါရီ ၂၂ ရက်

ယခင် ပြည်ခိုင်ဖြိုးအစိုးရ လက်ထက် ရခိုင်ပြည်နယ်ရဲ့ လွှတ်တော် အခင်းအကျင်းထက် လာမယ့် NLD အစိုးရ လက်ထက်မှာ ပြည်နယ် လွှတ်တော် အခန်းကဏ္ဍ ပိုမို ကျယ်ပြန့်စွာနဲ့ စွမ်းဆောင်နိုင်ရန် မျှော်လင့်ထားကြောင်း ရခိုင်လွှတ်တော်ကိုယ်စားလှယ်များက ပြောပါတယ်။


မြန်မာနိုင်ငံဟာ စစ်အုပ်ချူပ်ရေးစနစ်ကနေ အရပ်သား အစိုးရ သမ္မတအုပ်ချူပ်ရေးစနစ်ကို ၂၀၁၀ ခုနှစ်မှာ စတင်ပြောင်းရွေ့ခဲ့တယ် ဆိုပေမယ့်လည်း တပ်မတော် ၀န်ထမ်း အများစုပါဝင်တဲ့ ပြည်ခိုင်ဖြိုး ပါတီက ဦးဆောင်တဲ့ လွှတ်တော်သက်တမ်းကို ဖြတ်သန်းခဲ့ရတာကြောင့် လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်အမှန်ကို မရရှိခဲ့တာကြောင့် ယခု အစိုးရအပေါ် ကိုယ်စားလှယ်များက မျှော်လင့်နေတာဖြစ်ကြောင်း သိရပါတယ်။
 
“ လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ ပြည်သူတွေ ကြုံတွေ့ခံစားနေကြရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အသစ်တက်လာမယ့် လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဇွဲကောင်းကောင်းနဲ့ ချီတက်နိုင်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ရခိုင်ပြည်နယ်ဟာ အတိုင်းအတာ တစ်ခုထက် ပိုပြီးတော့စည်ပင်လာမယ်။ သာယာလာမယ်။ ဆင်းရဲမွဲတေမှုတွေကိုလည်း လျှော့ချနိုင်လိမ့်မယ်။ ပေါ့ပေါ့တန်တန်သွားလို့ကတော့ မရောက်နိုင်ဘူးလို့ မြင်ပါတယ်။” ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။

ပိုမို အင်အားကောင်းမွန်တဲ့ ရခိုင်ပြည်နယ် လွှတ်တော်ကို စစ်မှန်စွာ ထိန်းကျောင်းနိုင်ဖို့အတွက် NLD အနေနဲ့ အမတ်နေရာ ၂၃ နေရာနှင့် အနိုင်ရရှိထားတဲ့ ရခိုင်အမျိုးသားပါတီကို ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့ပေးမှသာလျှင် ရခိုင်အမျိုးသားအကျိုးစီးပွားကို ပိုမို ဖော်ဆောင်နိုင်မှာ ဖြစ်ကြောင်းလည်း သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
 
“ ရခိုင်ပြည်နယ်လွှတ်တော်မှာ အခုအသစ်တက်လာဖို့ ကျွန်တော်တို့ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေဟာ လူငယ်တွေများလာတယ်။ ပညာတတ်တွေ ပါလာတယ်။ တက်တက်ကြွကြွရှိကြတယ်။ ၂၀၁၀ ထက် အခု အသစ်တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပိုပြီးတော့စွမ်းဆောင်နိုင်မှာပါ။ ၂၀၁၆ အတွက် လုပ်ပိုင်ခွင့်တွေရရှိဖို့၊ ငါတို့ကြိုးစားမှုတွေ ထိရောက်မှုရှိပြီးတော့ အစိုးရဘက်ကလည်း လိုက်လျောညီထွေ ဖြစ်မယ်ဆိုရင် ရခိုင်ပြည်သူလူထုအတွက် ကျွန်တော်တို့ ပိုပြီးတော့လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။”  လို့လည်း ဦးအောင်ဝင်းက ပြောကြားခဲ့ပါတယ်။
 
လာမယ့် အစိုးရသက်တမ်းမှာ ရခိုင်ပြည်နယ်လွှတ်တော်အတွက် ရခိုင်အမျိုးသားပါတီက ၂၃ နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်က ၉ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃ နေရာနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၂ ရာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၀ အစိုးရသက်တမ်းမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ၁၈ နေရာ၊ ပြည်ခိုင်ဖြိုးပါတီက ၁၄ နေရာ၊ ဒီမိုကရေစီနှင့် အမျိုးသားဖွံ့ဖြိုးရေးပါတီ (NDPD) က ၂ နေရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၁ နေရာနှင့် တပ်မတော် ကိုယ်စားလှယ် ၁၂ နေရာ အသီးသီး အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top