Tuesday, January 26, 2016

ရခိုင်အမျိုးသားပါတီနှင့် ဦးအေးသာအောင် ဦးဆောင်သည့်အဖွဲ့ လမ်းခွဲနိုင်ဖွယ်ရှိ

ရန်ကုန်/RiA ၊ ဇန်န၀ါရီ ၂၆ ရက်

ရခိုင်အမျိုးသားပါတီက ဇန်န၀ါရီ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့  ၁/၂၀၁၆ ကြေညာချက်နဲ့
ပတ်သက်ပြီး ဦးအေးသာအောင်နှင့် ရခိုင်အမျိုးသားပါတီကြား မရေရာတဲ့ ဆက်ဆံရေးများ ရှိနေပြီးဖြစ်ကြောင်း ဇန်န၀ါရီ ၂၅ ရက်နေ့မှာ ဦးအေးသာအောင်က သတင်းထောက်များ ရှေ့တွင် ပြောကြားလိုက်ပါတယ်။

''ဒီကြေညာချက်နဲ့ပတ်သက်လို့ အန်ကယ်တို့မသိဘူး။ ကြေညာချက်ကို အသိပေးတာ
အကြောင်းကြားတာမရှိဘူး။ ဒါကြောင့် ကြေညာချက်ကို သဘောထား မှတ်ချက်ပေးဖို့မရှိဘူး။ သတင်းသမားတွေ မေးတော့မှ ဒီကြေညာချက် ထုတ်တယ်ဆိုတာသိရတာ။ ဒီကြေညာချက်ကို ဖတ်တောင်မဖတ်ရသေးတဲ့ အတွက် ဘာမှပြောဖို့ဆန္ဒမရှိဘူး။ နောက်တစ်စောင် ထပ်ထုတ်တာလဲမသိဘူး။ ANP ပါတီနဲ့ အန်ကယ့် ရှေ့ အနေအထားက ပြောဖို့ခက်တယ်။'' လို့ ယမန်နေ့က ပြုလုပ်ခဲ့တဲ့
ရန်ကုန် လေဆိပ်သတင်းစာရှင်းပွဲတွင် မီဒီယာတွေကို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ဦးအေးသာအောင်ရဲ့ ပြောကြားမှုနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို မဇ္ဈိမ သတင်းဌာနက မေးမြန်းခဲ့ရာတွင် ''အဲ့ဒီကြေညာချက်ကို ဦးအေးသာအောင် မသိဘူးဆိုတာ အံ့သြတယ်။ သူစစ်တွေကိုရောက်လာတယ်။ အမတ်တွေနဲ့တွေ့တဲ့ ပွဲမှာ ကြေညာချက်ကို အမတ်တိုင်းကိုပေးတယ် လို့ကြားပါတယ်။ ကြေညာချက်၊ ထုတ်ပြန်ချက် အကုန်ပေးတယ်လို့ ဒုတိယဥက္ကဋ္ဌ(၁) ဦးဖိုးမင်းကပြောပါတယ်။ အွန်လိုင်းမှာလဲပြန့် နေတော့ ဒီလောက်ဆိုရင် ဦးအေးသာအောင် သိလောက် မယ်ထင်ပါတယ်။ မသိဘူးလို့ပြောတဲ့ အဖြေပေါ်မှာ ကျွန်တော်စိတ်မကောင်းဘူး။ ဒါပေမယ့် ဦးအေးသာအောင်တို့  ဦးလှမြင့်တို့ ဦးကျော်မြင့်တို့ ALD ဖက်ကလာတဲ့ လေးငါးယောက်လောက် သူတို့ကိုဖုန်းဆက်လို့ ရမရတော့ ကျွန်တော်မသိဘူး။'' လို့ ဖြေကြားခဲ့တာကို တွေ့ရပါတယ်။

ဦးအေးသာအောင် ပြောကြားတဲ့အထဲမှာ "အန်ကယ်တို့" ဆိုတာ ထည့်သွင်းသုံးနှုန်းသွားခြင်း၊ "ANP ပါတီနဲ့ အန်ကယ့် ရှေ့ အနေအထားက ပြောဖို့ခက်တယ်" ဆိုတာပါရှိခြင်းနှင့် ပါတီဥက္ကဌ ဒေါက်တာ ဦးအေးမောင်က "ဦးအေးသာအောင်တို့  ဦးလှမြင့်တို့ ဦးကျော်မြင့်တို့ ALD ဖက်ကလာတဲ့ လေးငါးယောက်လောက် သူတို့ကိုဖုန်းဆက်လို့ ရမရတော့ကျွန်တော်မသိဘူး။" စတဲ့ အသုံးအနှုန်းများဟာ ပါတီတွင်း ဆက်ဆံရေးကို ပိုမို ဆိုးရွားလာစေနိုင်ကြောင်း
ရခိုင်နိုင်ငံရေးလေ့လာ သုံးသပ်သူများကြား ဝေဖန်မှုတွေ ရှိနေပါတယ်။


ရခိုင်အမျိုးသားပါတီ ANP ကို ယခင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD တို့ ပူးပေါင်းကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top