Tuesday, January 19, 2016

ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသော အကျိုးအမြတ် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခြင်း မပြုနိုင်သေးဟု ဆို

ရန်ကုန်/RiA ၊ ဇန်န၀ါရီ ၁၉ ရက်
 
ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လကတည်းက တရုတ်နိုင်ငံကို တင်ပို့ရောင်းချနေခဲ့ပေမယ့် ယခုအချိန်ထိ မြန်မာဘက်က ရရှိခဲ့တဲ့ အကျိုးအမြတ် ၀င်ငွေကို စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ မထုတ်ပြန်နိုင်ခြင်းမှာ ပိုက်လိုင်းတည်ဆောက်စဉ်က ကုန်ကျခဲ့တဲ့ ဆောက်လုပ်ရေး အသုံးစရိတ် ဒေါ်လာ တစ်ဘီလျံခန့်ကို တရုတ်နိုင်ငံကို အကြွေးဆပ်နေရခြင်းကြောင့် ဖြစ်တယ်လို့ “မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တစ်လျှောက် လူမှု တရားမျှတမှုကို ရှာဖွေခြင်း" အစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနားတွင် အဆိုပါ ကော်မတီရဲ့ သုတေသနအဖွဲ့မှ ညှိနှိုင်းရေးမှုးနှင့် အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဦးရဲသိမ်းဦးက ပြောကြားလိုက်ပါတယ်။


“၂၀၁၃ ခုနှစ်ကနေ မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ စရောင်းတယ်။ ဒါပေမဲ့ သူတို့ အဲဒီငွေတွေ စာရင်းမပြနိုင်ဘူး။ အဲဒီမှာ ကျွန်တော်တို့ ဆက်မေးတယ်။ ဘာလို့ စာရင်းမပြနိုင်တာလဲဆိုတော့ အကြွေး ဆပ်ရလို့လို့ ဖြေတယ်။ အဲဒါဆက်ပြီးတော့ အကြွေး ဆပ်ရတယ်ဆိုရင် ၀င်တဲ့ငွေ ထွက်တဲ့ငွေ ရှိရမယ် ပြောတော့လည်း သူတို့မသိဘူး။ ဘယ်ကချေးသလဲဆိုတော့ တရုတ်ဘဏ်ကနေ ချေးရတယ်။ တကယ်ဆို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းက နိုင်ငံအတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ သုံးဘီလျံလောက် ရှာပေးနိုင်တယ်။ ဟုတ်ပြီ။ အဲဒါဆိုရင် ဒီစီမံကိန်းအတွက် ဘယ်လောက် ထည့်ဝင်ရလဲဆိုတော့ ဒေါ်လာတစ်ဘီလျံလောက် ထည့်ဝင်ရတယ် ပြောတယ်။ နိုင်ငံတကာထက် အတိုးနှုန်းကြီးတဲ့ တရုတ်နိုင်ငံက ချေးယူထားတဲ့ ငွေတွေအတွက် ရလာတဲ့ငွေတွေကို တိုက်ရိုက် ဆပ်နေရတဲ့အတွက် တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကရလာတဲ့ ငွေတွေကို EITI အစီရင်ခံစာမှာတောင် မဖော်ပြနိုင်တာ တွေ့နေရတယ်”
 
အဆိုပါ ပြောကြားမှုကို ယမန်နေ့ ဇန်န၀ါရီ ၁၈ ရက်နေ့ ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တစ်လျှောက် လူမှု တရားမျှတမှုကို ရှာဖွေခြင်း” အစီရင်ခံစာ မိတ်ဆက်ပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
 
အစီရင်ခံစာအရ မြန်မာ၊ ကိုရီးယား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ CNPC-SEAP၊ Daewoo၊ ONGC Videsh Ltd၊ MOGE၊ GAIL India Ltd နှင့် KOGAS တို့ ပူးပေါင်း လုပ်ဆောင်နေတဲ့ SEAOP & SEAGP တွင် CNPC-SEAP က အစုရှယ်ယာ ၅၀ ဒသမ ၉ ရာခိုင်နှုန်းနဲ့ အများဆုံး ပိုင်ဆိုင်ထားပြီးတော့ အဆိုပါကုမ္ပဏီမှာ ဆုံးဖြတ်ချက် ချနိုင်တဲ့ အခွင့်အရေး ရယူထားကြောင်း သိရပါတယ်။
 
ယခုအခါ ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့မှ ဓာတ်ငွေ့ ကုဗမီတာ သန်း ၂၀၀ အထိ ထုတ်ယူထားပြီး ဖြစ်ကြောင်း၊ ဒါ့အပြင် သဘာဝဓာတ်ငွေ့တင်ပို့မှာဟာ မြန်မာနိုင်ငံရဲ့ အဓိက ပို့ကုန်တစ်ခုဖြစ်လာပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်းမှာ ရွှေသဘာဝဓတ်ငွေ့နဲ့ ဇောတိကတို့ကနေ ဓာတ်ငွေ့ထုတ်ယူမှုဟာ သဘာဝဓာတ်ငွေ့တင်ပို့မှုရဲ့ ၄၂ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားကူးသန်းစောင့်ကြည့်မှု မှတ်တမ်းများအရ သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top