စစ်တွေ/RiA ၊ ဇန်န၀ါရီ ၁၉ ရက်
သိမ်းဆည်းခံ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးဖို့ ရခိုင်ပြည်နယ် လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ကော်မတီက တင်ပြလိုက်တဲ့ အစီရင်ခံစာမှာ ပြည်နယ် အစိုးရအဖွဲ့အစည်းနှင့် ဌာနဆိုင်ရာများအတွက် စားကွက်ဖန်တီးသလိုမျိုး ဖြစ်နေကြောင်း ရခိုင်ပြည်နယ်လွှတ်တော် လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးအောင်ဝင်းက ဝေဖန်ပြောကြားလိုက်ပါတယ်။
“အမ်းမြို့နယ်မှာ ရှိတဲ့ ရွှေတုံးမျိုးကာရီ(တာတမံ) ဟာ ပြဿနာရှိပါတယ်။ တစ်ချိန်က လယ်သမားတွေ လုပ်ကိုင်နေကြတဲ့ လယ်တွေကို စီးပွားရေးသမားတွေက ပုဇွန်ကန်လုပ်ထားကြတယ်။ အစိုးရကလည်း အဲဒီမြေတွေကို ပလပ်မြေလုပ်ပြီးတော့ စီးပွားရေးသမားတွေကို ရောင်းထားတာပါ။ အခု နိုင်ငံတော်အစိုးရက အဲဒီလယ်တွေ ပြန်စိုက်ပျိုးလို့ရအောင် ကာရီဆည်ဖို့အတွက်ချပေးလိုက်တယ်။ လယ်တွေ ပြန်မရသေးဘူး။ မြို့နယ်တိုင်းက ပြဿနာတွေအားလုံးကို အစီရင်ခံစာတင်ထားပြီးပါပြီ။ အကောင်အထည်ဖေါ်တာတွေကို တော့မတွေ့ရဘူး။ ကျွန်တော်တို့ တင်ပေးလိုက်တဲ့ အစီရင်ခံဟာ သူတို့ရဲ့စားကွက်ကို ချဲ့ထွင်ဖို့အတွက် လုပ်ပေးလိုက်သလိုဖြစ်သွားတာကို တွေ့ရပါတယ်။ ကျွန်တော်တို့က ကွင်းဆင်းစစ်ဆေးတယ်။ အစီရင်ခံတယ်။ စီးပွားရေးသမားတွေက နောက်ကလိုက်လာပြီး သိန်းတစ်ရာ ပေးရတဲ့နေရာမှာ နှစ်ရာပေးပစ်ခဲ့တယ်။ အဲလိုမျိုးစားကွက် တစ်ခုလို ဖြစ်သွားတယ်။ အကောင်အထည်ဖော်တာ မရှိသေးဘူး။ အစိုးရက ကျွန်တော်တို့ကို ရုပ်ပြသဘောလောက်ပဲ အသုံးချတာပါ။ ကျွန်တော်တို့ ပင်ပန်းခံသလောက် အကျိုးမရှိဘူး။” လို့ ဦးအောင်ဝင်းက RiA ကို ပြောပါတယ်။
ပြည်နယ် လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မတီအနေနဲ့ မြေယာသိမ်းဆည်းမှု အမှုတွဲပေါင်း သုံးထောင်ခန့်ကို မြို့နယ် ၁၄ ခုအတွင်း ကွင်းဆင်း စစ်ဆေးခဲ့ပေမယ့် ယခုအချိန်ထိ ဖြေရှင်းမပေးနိုင်သေးတဲ့အပြင် အစိုးရအဖွဲ့မှ ဖြေရှင်းနေတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ ပတ်သက်ပြီးလည်း ကော်မတီအနေနဲ့ သိခွင့်မရှိခဲ့ကြောင်း၊ ဖြေရှင်းပေးထားတဲ့ အမှုတွဲများမှာလည်း အမှန်တကယ် လယ်သမားများ လက်ကို မရောက်ဘဲ စီးပွားရေးသမားများရဲ့ လက်ထဲတွင်သာ ရှိနေသေးတာကြောင့် အဆိုပါ ပြဿနာတွေဟာ ၂၀၁၆ အစိုးရသစ်အတွက် အဓိက စိန်ခေါ်မှုများ ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။
“ ဒီပြဿနာတွေကို ရှင်းလို့ ကျင်းကို ကျင်းရမယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဖြေရှင်းပိုင်ခွင့်မရှိဘူး။ လေ့လာစုံစမ်းပြီးတော့ အစိုးရကိုတင်ပြတယ်။ အစိုးရ မဖြေရှင်းနိုင်တာဟာ အစိုးရဲ့အပြစ်သာ ဖြစ်တယ်။ ရခိုင်ပြည်နယ်မှာ လယ်ယာလုပ်ငန်းသည် အဓိကစီးပွားရေးပါ။ ဆင်းရဲမွဲတေမှုပဲဆိုဆို ဘာပဲဆိုဆို ဒီလယ်မြေပြဿနာကို မရှင်းနိုင်ရင် အဲဒီအစိုးရဟာ ကောင်းမွန်တဲ့အစိုးရမဟုတ်ဘူး။” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေများကို ပြန်လည်ပေးအပ်နေပြီ ဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် သိမ်းဆည်းထားသည့် လယ်ယာမြေများထဲမှ နှစ်သောင်းကျော်ကိုသာ ပြန်ပေးအပ်နိုင်သေးကြောင်း၊ ကျန်မြေများမှာ သိမ်းဆည်းထားတဲ့ ဌာန သို့မဟုတ် တပ်မတော်တို့မှ ပြန်လည် စွန့်လွှတ်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်း ယင်းလုပ်ရပ်မှာ ဥပဒေအရ ပြုလုပ်ခြင်းမဟုတ်ကြောင်း မြေပုံမဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၊ ရခိုင်ပြည်နယ်လွှတ်တော် လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးအောင်ဝင်းက ဝေဖန်ကြားခဲ့ပါတယ်။
0 comments:
Post a Comment