မြောက်ဦး၊ ဇန်န၀ါရီ ၆ ရက်
ကချင်အခြေစိုက် ရက္ခိုင့်တပ်မတော် Arakan Army နှင့် အစိုးရတပ်တို့ကြား
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ဒီဇင်ဘာ ၂၇ ရက်နေ့က တိုက်ပွဲ
စတင်ဖြစ်ပွားခဲ့ပြီး ဇန်န၀ါရီလ ၆ ရက်နေ့ထိ တိုက်ပွဲများ
ဆက်တိုက်ဖြစ်ပွားနေမှုကြောင့် ၁၁ ရက်တာ ကာလအတွင်း စစ်ဘေးရှောင် ဒုက္ခသည် ၂၀၀
နီးပါးထိ ရှိလာကြောင်း RiA ရဲ့ မြေပြင် သတင်းထောက်များ ပေးပို့ချက်အရ
သိရပါတယ်။
အဆိုပါ စစ်ဘေးရှောင် ဒုက္ခသည်များမှာ တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် အနီးဝန်းကျင် ရမ်းချောင်းဖျားရှိ ကျေးရွာများမှ ဖြစ်ကြပြီး ၎င်းတို့နေထိုင်ရာ ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေ တာကြောင့် ကျေးရွာတွင်မနေရဲတဲ့အတွက် ယခုကဲ့သို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်ကာ မြောက်ဦးမြို့နယ်အတွင်းရှိ စေတီတောင် ကျေးရွာနှင့် ကျီရာပြင်ကျေးရွာတို့တွင် ယာယီ တည်းခိုနေထိုင်ကြကြောင်း သိရပါတယ်။
“ ကျွန်မတို့က သံတံတား ကျေးရွာကပါ။ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် သေနတ်သံတွေ၊ ပစ်သံတွေကို ကြားနေကြရတဲ့အတွက် ကြောက်ပြီး တစ်ရွာလုံး ထွက်ပြေးလာကြတာပါ။ ၃ ရက်နေ့ကနေ ဒီကို ရောက်နေတာ ဖြစ်ပါတယ်။ ရွာသား ၆၀ ကျော်ပါပါတယ်။ အခုတော့ ထပ်ရောက်လာတာတွေလည်း ရှိပါတယ်။ ကျွန်မတို့ ရွာသားတွေက တောကနေ ထင်းခုတ်ပြီးရောင်းတဲ့ အလုပ်ကို လုပ်ကြပါတယ်။ အခု တောကိုလည်းမဝင်ရ ဆိုတော့ လုပ်ဖို့အလုပ်လည်း မရှိဘူး။ ပြန်သွားဖို့အတွက်ကိုလည်း ဘယ်နေ့ပြန်နိုင်မယ်ဆိုတာကို မပြောနိုင်သေးဘူး” လို့ ကျီရာပြင်ဒုက္ခသည် စခန်းမှ ဒေါ်ဆန်းမြင့်ရီက ပြောပါတယ်။
ယင်းသို့ တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသူများမှာ သံတံတားကျေးရွာသားများ အပြင် ယင်းအနီးရှိ ဘာယီ ကျေးရွာသားမှာလည်း ထွက်ပြေးလာနေကြရာ အဆိုပါရွာသားများမှာ ကျီရာပြင်နှင့် ၃ မိုင်ခန့် ကွာဝေးတဲ့ စေတီတောင်ကျေးရွာတွင် နေထိုင်ကြကြောင်းနှင့် ယင်းဒုက္ခသည် စခန်းတွင် နေထိုင်သည့် ဘာယီကျေးရွာသား ၆၅ ဦးထိ ရှိလာနေပြီဖြစ်ကြောင်း သိရပါတယ်။
“အခုကျွန်တော်တို့ အဓိက လုပ်ပေးနေရတာကတော့ ဒီကို ရောက်လာနေကြတဲ့ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးကိစ္စတွေကိုပဲ အဓိက လုပ်ပေးနေရပါတယ်။ ဒီလူတွေ ကျွန်တော်တို့ရွာကို စရောက်တာက ဒီဇင်ဘာ ၃၀ ရက်နေ့ကနေ ရောက်ပါတယ်။ အဲဒီနေ့မှာတော့ လူဦးရေက နည်းပါတယ်။ နောက်ပိုင်းမှ တဖြေးဖြေးများလာတာပါ။ မနေ့ကအထိကိုရောက်ရှိလာတဲ့ လူတွေ ပေါင်းရင်အားလုံးက တစ်ရာဦးထိ ရှိနေပါပြီ။ ကျီရာပြင်စခန်း တစ်ခုတည်းမှာပေါ့။ အစပိုင်းကတော့ ဒီလူတွေ စားဖို့အတွက်ကို ရွာကငွေကောက်ပြီးတော့ ဖြစ်သလိုကျွေးပါ တယ်။ နောက်ပိုင်းမှာတော့ အလှူရှင်တွေဆီကနေ ဆန်နဲ့ စားစရာတွေ၊ ဆေးဝါးတွေကို လာလှူတဲ့အတွက် အဆင်ပြေနေပါတယ်။ လိုအပ်တာက နေထိုင်ရေးပါ။ အခက်အခဲနည်းနည်းရှိနေပါတယ်။ ” လို့ ဒုက္ခသည်များအား လိုက်လံအကူညီပေးနေတဲ့ ကျီရာပြင်ကျေးရွာသား ကိုကျော်ကျော်ဆန်းက ပြောပါတယ်။
ထွက်ပြေး တိမ်းရှောင်လာခဲ့ကြတဲ့ ကျီရာပြင်ရွာနှင့် စေတီတောင် ကျေးရွာတို့မှ ဒုက္ခသည်များမှာ ဒေသခံအလှူရှင်များရဲ့ လှူဒါန်းမှုကြောင့် လောလောဆယ် အခြေအနေအရ အစားအစာများ ဖူလုံမှုရှိနေသော်လည်း နေရေးထိုင်ရေး အတွက် အခက်အခဲရှိကြောင်းနှင့် ရာသီဥတုကြမ်းတမ်းမှုကြောင့် စောင်နှင့် တခြားပစ္စည်းများ လိုအပ်နေကြောင်း ကျေးရွာနှစ်ခုရှိ ဒုက္ခသည်စုစုပေါင်းမှာ ဇန်န၀ါရီ ၅ ရက်နေ့ ညနေ ၆ နာရီထိ ၁၆၅ ဦးထိ ရောက်ရှိနေပြီဖြစ်ကာ ထပ်မံ များပြားလာနိုင်ကြောင်း RiA ရဲ့ မြေပြင်သတင်းထောက်များ ပေးပို့ချက်အရ သိရပါတယ်။

0 comments:
Post a Comment