Tuesday, January 19, 2016

ရက္ခိုင်တပ်မတော်နှင့် အစိုးရတပ်များကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွား

Arakan Army
မြောက်ဦး/RiA ၊ ဇန်န၀ါရီ ၁၉ ရက်
 
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ ဖြစ်ပေါ်ခဲ့တဲ့ ရက္ခိုင့်တပ်မတော် Arakan Army နဲ့ အစိုးရတပ်များကြား ရက်သတ္တပတ်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇန်န၀ါရီ ၄ ရက်နေ့မှာ အစိုးရမီဒီယာတွေက နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့ပေမယ့် ဇန်န၀ါရီ ၁၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေကြောင်း ဒေသခံများ ပြောပါတယ်။


“ လက်နက်ကြီး ပစ်ခတ်သံတွေကို ပြန်ကြားလာရတယ်။ ဘယ်နေရာမှာ ဖြစ်တယ်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။ သေနတ်သံတွေကို လေးမြို့မြစ်ကြောင်းထဲမှာရှိတဲ့ စင်္ဘောကိုင်းကျေးရွာက အသေအချာ ကြားခဲ့ရပါတယ်” လို့ မြောက်ဦး ဒေသခံ ဦးမောင်ညီဌေးက RiA ကို ပြောပါတယ်။
 
အဆိုပါ ပစ်ခတ်သံများနှင့် ပတ်သက်၍ အမည်မဖော်လိုတဲ့ မြောက်ဦးအခြေစိုက် တပ်မတော် အရာရှိတစ်ဦးက “ တပ်မတော်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေကြတာပါ။ သတင်းအတိအကျကိုတော့ ကျနော်တို့ ဖြေကြားပိုင်ခွင့် မရှိပါဘူး” လို့ ဖြေကြားခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဇန်န၀ါရီ ပထမသီတင်းပတ်မှာ AA နှင့် အစိုးရတပ်များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့တဲ့ ကျောက်တော်နှင့် မြောက်ဦး အနီးတ၀ိုက်မှ ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည် ၃၀၀ နီးပါးခန့်ကို နေရပ်သို့ ပြန်လည် ထွက်ခွာရန် မြောက်ဦးခရိုင်အုပ်ချူပ်ရေးမှူးက အမိန့်ထုတ်ပြန်ထားပေမယ့် ယခုလို သေနတ်သံတွေ ပြန်လည် ထွက်ပေါ်လာမှုနှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသတစ်ဝိုက် နင်းမိုင်းများမြုပ်နှံခဲ့ခြင်း ရှိမရှိ စိုးရိမ်စိတ်တွေကြောင့် ဒေသခံများက နေရပ်ပြန်ဖို့ စိုးရိမ်နေကြပါတယ်။
 
ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်ကြား ဖြစ်ပွားခဲ့တဲ့ ရက်သတ္တပတ်ကြာ တိုက်ပွဲအတွင်းမှာ အစိုးရတပ်မတော်ဘက်မှ အနည်းဆုံး ၂၀၀ ထက်မနည်း ကျဆုံးပြီး ၃၀၀ ထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း AA ဒု စစ်ဦးစီးချူပ် ဗိုလ်မှူး ညိုထွန်းအောင်က RFA မြန်မာပိုင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top