Monday, January 25, 2016

လိပ်ကျွန်း စီရင်ချက် အယူခံဝင်ဖို့ ရက် နောက်ထပ် တစ်လ တိုးမြင့်ပေး

ရန်ကုန်/RiA ၊ ဇန်န၀ါရီ ၂၅ ရက် 

ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း (ခ) လိပ်ကျွန်း လူသတ်မှု စွဲချက်နဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ရခိုင်အမျိုးသား၊ မြန်မာနိုင်ငံသား ၂ ဦးအတွက် အယူခံဝင်ဖို့ နောက်ဆုံး ရက်ကို ထပ်မံ တစ်လ တိုးမြင့်လိုက်ကြောင်း သိရပါတယ်။ 

ကနဦး အယူခံဝင်ရမယ့်နေ့မှာ ဇန်န၀ါရီ ၂၄ ရက်ဖြစ်ပြီး အယူခံဝင်ဖို့ အသင့်မဖြစ်သေးတာရယ်၊ ရက် ထပ်မံတိုးပေးဖို့ တောင်းဆို တာတွေကို ထောက်ရှုပြီး ထိုင်းတရားရုံးက ယခုလို တစ်လ ထပ်မံ တိုးမြင့်ပေးလိုက်တာလို့ သိရပါတယ်။
အယူခံဝင်ရက်မတိုင်မီ ရခိုင်ပြည်နယ်နှင့် ရန်ကုန်မြို့နယ်များက လက်မှတ် ၁ သိန်းကျော်ကို ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်နှင့် ထိုင်းနိုင်ငံအစိုးရအဖွဲ့တွေကို ပေးပို့သွားမှာ ဖြစ်ကြောင်းလည်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး AASYC သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သူရိန်က RiA ကို ပြောကြားခဲ့ပါတယ်။

"ကျနော်တို့ အဓိက ရည်ရွယ်တာက ဒီ လူငယ် ၂ ဦး အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်ဖို့ပါ။"

လူငယ် ၂ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ သေဒဏ် စီရင်ချက် ချခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို သေဒဏ်မချမှီ တနှစ်တာ ကာလအတွင်းမှာတော့ သက်သေထွက်ပေးနိုင်တဲ့ သူတွေရဲ့ နေထိုင်ရေး၊ အလုပ်အကိုင်နဲ့လုံခြုံရေးကိစ္စတွေကို မြန်မာသံရုံးနဲ့ လိပ်ကျွန်း အထူးကော်မတီတို့က တာဝန်ယူပေးနိုင်တာတွေ မရှိတဲ့အတွက် လိပ်ကျွန်းပေါ်မှာ အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားသက်သေတွေ ရသင့်သလောက် မရရှိခဲ့ဘူးလို့ လိပ်ကျွန်း အထူးစုံစမ်းရေး ကော်မတီ ခေါင်းဆောင် ဦးကျော်သောင်းက ဗွီအိုအေ မြန်မာပိုင်းက တဆင့် ယခုလို ပြောကြားခဲ့တာကို တွေ့ရပါတယ်။

“ဒီစုံစမ်းစစ်ဆေးရေးတာဝန်ခံအဖြစ် စပြီးတော့လုပ်တုန်းက သက်သေအထောက်အထား အချက်အလက်တွေဟာ ကျနော်တို့ဘက်မှာ အတိုင်းအတာတခုအထိ ခိုင်ခိုင်မာမာ ရှိခဲ့တယ်လို့ပြောလို့ ရတယ်။ သို့သော် ကျနော်တို့ တဦးချင်း တဦးချင်းစီက တွေ့ရှိခဲ့ရတာရှိတယ်။ နောက်အားနည်းတာ တခုက ဘာရှိခဲ့သလဲဆိုတော့ ပထမဦးဆုံး ကျနော်တို့ သက်သေအဖြစ် စစ်ထုတ်ခဲ့ရတဲ့ စစ်ဆေးခဲ့ရတဲ့ ဒီဖြစ်စဉ်ထဲမှာ လုံးဝကို အရေးကြီးတဲ့ သက်သေဖြစ်တဲ့ မောင်မောင်ဆိုတဲ့ မျက်မြင် ကျတဲ့အချိန်အခါမှာ သူ့ကို ပထမဆုံး ကျနော်တို့ယူလိုက်ရတဲ့ ပထမ စစ်ဆေးချက်ဟာ ပထမဆုံးသာ ဖြစ်ပြီးတော့ နောက်ဆုံး ကျန်တဲ့ သက်သေတွေ၊ ကွင်းဆက်တွေ၊ ရလာတဲ့အဖြေတွေနဲ့ ကွဲလွဲနေတာ ရှိတယ်။ ကျနော်တို့ တွေ့ရှိထားတဲ့ သက်သေတွေ အကုန်လုံးကို စုပေါင်းပြီးတော့မှ တဆင့်တက်ပြီးတော့မှာ ဘယ်ဟာကိုဖြင့် အတည်ပြုပြီးတော့ သက်သေထွက်ဆိုနိုင်တဲ့ အဆင့်အထိဆိုတဲ့ တဆင့်ကို ကျနော်က သွားချင်တယ်။ ကျနော်တို့မှာ အားနည်းနေတာတခုက လက်ရှိ လိပ်ကျွန်းကော်မတီနဲ့ အဲဒီလို သက်သေတွေ နောက်ကို အချိန်ကုန်ခံလိုက်ဖို့အတွက် ၊ငွေကုန်ခံလိုက်ဖို့အတွက် စားရိတ်က မှရှိဘူးဖြစ်နေတယ်။ အပွင့်လင်းဆုံးပြောမယ်ဆိုရင် ကျနော်တို့ဘက်က လုပ်နေ၊ ကိုင်နေတာကို ကျနော် ကိုယ်တိုင်အားမရဘူး။"

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top