Tuesday, December 8, 2015

အသက် ၄ နှစ်ခွဲအရွယ် မုဒိန်းပြုကျင့်ခံခဲ့ရသော မိန်းကလေးငယ် မိသားစုအား ရပ်ကွက်အုပ်ချူပ်ရေးမှူးမှ ထောက်ပံ့ငွေပေးအပ်

စစ်တွေ၊ ဒီဇင်ဘာ ၈ ရက်

ပြီးခဲ့တဲ နိုဝင်ဘာ ၁၅ ရက်နေ့မှာ မုဒိန်းပြုကျင့်ခံခဲ့ရတဲ့ စက်ရုံစုရပ်ကွက် မီးလောင်ပြင်ကွင်းနေ အသက် ၄ နှစ်ခွဲ အရွယ် မိန်းကလေးငယ်နှင့် မိသားစုကို ရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးညွှန့်ဝင်းနှင့် စေတနာရှင်တွေဆီကနေ ကောက်ခံရရှိငွေများကို ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့ နေ့လည် ၃ နာရီအချိန်မှာ စက်ရုံစုရပ်ကွက်အုပ်ချူပ်ရေးမှူး ရုံးခန်းအတွင်း ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


မုဒိန်းပြုကျင့်ခံခဲ့ရသူ မိန်းကလေးငယ်ကို စာနာသောအားဖြင့် ပထမဆုံးအကြိမ် ကောက်ခံရရှိငွေမှာ ကျပ်ငွေ ၁၅၀၀၀၀ ဖြစ်ပြီး ထပ်မံ ကူညီခွင့်ရရှိနိုင်ရန် ကြိုးပမ်းသွားဦးမှာ ဖြစ်ကြောင်းလည်း ရပ်ကွက်အုပ်ချူပ်ရေးမှူး ဦးညွှန့်ဝင်းက RiA ကို ပြောပါတယ်။

“ကျွန်တော်တို့က အသင်းအဖွဲ့တွေဆီကနေ ကောက်ခံပြီး လှူဒါန်းခြင်း မဟုတ်ပါဘူး။ ကျွန်တော်နဲ့ တခြား စေတနာရှင် ၁၂ယောက်က စုပေါင်းပြီးတော့ သူတို့ရဲ့မိသားစုကို ထောက်ပံ့မှုတစ်ခု ရအောင်ဆိုပြီးတော့ လုပ်ဖြစ်တာပါ။ ကိုယ်တတ်နိုင်သလောက်ပေါ့နော်။ ဒီကလေးရဲ့မိသားစုကို လှူဒါန်းတာကလည်း ဒါကျွန်တော်တို့ ပထမဦးဆုံးပါပဲ ခင်ဗျား။ တခြား အသင်းအဖွဲ့တွေဆီကနေ လှူဒါန်းတာတွေတော့ မရှိသေးပါဘူး။”

အဆိုပါ မုဒိန်းမှုနဲ့ ပတ်သက်ပြီး တရားခံဖြစ်သူ တပ်ပြေး ဦးအောင်မြင့် (ခ) ဦးကျော်ကျော်ဦးကို တပ်မတော် စစ်ခုရုံးအဖွဲ့က နိုဝင်ဘာ ၁၉ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပြီး အရပ်ဘက်တရားရုံးတွင် ဆက်လက် တရားစွဲဆို အရေးယူသွားမှာ ဖြစ်ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်တွင် ရက်ပေါင်း ၄၀ အတွင်း သက်ငယ် မုဒိန်းမှု ၃ ခုဖြစ်ပွားခဲ့ပြီး စစ်တွေမြို့နယ်တွင် အသက် ၈ နှစ်အရွယ် တစ်ဦး (မုဒိန်းပြုကျင့်ခံဝေဒနာနှင့် ကျန်းမာရေးချို့တဲ့မှုများကြောင့် ကွယ်လွန်သွားပြီးဖြစ်) ၊ စစ်တွေမြို့နယ်တွင် အသက် ၅ နှစ်အရွယ်တစ်ဦးနှင့် ပေါက်တော မြို့နယ်တွင် အသက် ၁၂ နှစ်အရွယ်တို့ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ သက်ငယ်မုဒိန်းပြုကျင့်ခံရမှုများနှင့် ပတ်သက်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ဖို့နှင့် အမြန်ဆုံး အမှုကို စီရင်ချက် ချမှတ်နိုင်ဖို့ ရခိုင်အမျိုးသမီးများအစည်းအရုံးနှင့် ရခိုင်အမျိုးသမီးကွန်ရက်အဖွဲ့များက ပြည်နယ်အစိုးရကို တိုက်တွန်းပြောကြားထားကြောင်း သိရပါတယ်။

0 comments:

Post a Comment

Copyright © 2014 RiA | Designed With By Blogger Templates | Distributed By Gooyaabi Templates
Scroll To Top