ရမ်းဗြဲ၊ ဒီဇင်ဘာ ၇ ရက်
ရမ်းဗြဲမြို့နယ် မြေနီတောင် ကာရီစီမံကိန်းအတွင်း ပါရှိတဲ့ ကျေးရွာပေါင်း
၁၇ ရွာမှာ ထူးကဲ ဒီရေတက်နေမှုကြောင့် အဆိုပါ ဒေသတွင် နေထိုင်သူများမှာ
စားဝတ်နေရေး ကျပ်တည်းမှု ပြဿနာနှင့် ရင်ဆိုင်နေကြောင်း ရမ်းဗြဲမြို့နယ်
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က RiA ကို ပြောပါတယ်။
“ကာရီပျက်စီးခဲ့တာ ကြာပါပြီ ၂၀၁၃၊၂၀၁၄၊၂၀၁၅ ခုနှစ် ကတည်းပါ။
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်းစီးခဲ့တဲ့ မြေနီတောင်ကာရီကို
ပြန်လည်ပြုပြင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ၂၀၁၅ မှာ အပြီး တည်ဆောက်ပေးမယ့်လို့
ပြည်နယ်အစိုးရက ၂၀၁၃ ခုနှစ် လွှတ်တော်မှာ တစ်ခါပြောခဲ့ပါတယ်။ ခုတော့
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာပဲ ပြီးစီးအောင် ဆောင်ရွက်တော့မယ်ဆိုပြီး
စိုက်ပျိုးရေးဝန်ကြီးဌာနက ဆိုပါတယ်။ နှစ်တွေ ခဏခဏ ရွေ့နေတော့ အဲဒီက ဒေသမှာ
နေထိုင်သူတွေ အခက်အခဲ ဖြစ်နေကြတာပေါ့။”
မြေနီတောင်ကာရီ စီမံကိန်းကို
ယခုနှစ်မှာ တည်ဆောက်ခြင်း မပြီးစီးနိုင်ဘူးဆိုရင် ဒေသခံများက
ကန့်ကွက်ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်သွားဖို့ အစီအစဉ်ရှိနေတာကြောင့်
ရမ်းဗြဲလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး
အဆိုတင်သွင်းခဲ့ခြင်းအပေါ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကို ရွေ့လိုက်ကြောင်း
စိုက်ပျိုးရေးဝန်ကြီးဌာနက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
မြေနီတောင်မှာ
ရခိုင်ဒေသရှိ သမိုင်းဝင်တောင်တစ်ခုဖြစ်ပြီး၊ မြေသားရနံ့
မွေးကြိုင်ခြင်းဖြင့် ထူးဆန်းတဲ့ တောင်တစ်ခုဖြစ်တယ်လို့လည်း
ကမ္ဘာကျော်စာရေးဆရာ မောရစ်ကောလိပ်က ညွန်းဆိုခဲ့တဲ့ ဒေသတစ်ခုလည်း ဖြစ်ကြောင်း
သမိုင်းမှတ်တမ်းများအရ သိရပါတယ်။
0 comments:
Post a Comment